နေပြည်တော်၊ အောက်တိုဘာ- ၂၀

၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

mdn

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ကျောက်မျက်ရတနာပြပွဲများကျင်းပ ရောင်းချခဲ့မှု၊ မြန်မာ့ပုလဲများ ထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာ ပစ္စည်းများ ထုတ်လုပ်မှုနှင့် ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အခမ်းအနား ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုကြ သည်။ 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို လိုက်လံကြည့်ရှုအားပေးပြီး ခန်းမအပြင်ဘက်တွင် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက် ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ကြောင်း၊ ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၃၀၀ တွဲ၊ ကျောက်မျက် အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၀၂၅ တွဲတို့ကို ပြည်တွင်းပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ပုလဲအတွဲများ ရောင်းချရာတွင် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာ ကုန်သည်များက အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ဈေးကွက်ပေါက်ဈေးနှင့် ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း ပေးချေသွားရမည်ဖြစ်ကြောင်း၊ ကျောက်မျက်၊ ကျောက်စိမ်း အတွဲများအတွက် ကြမ်းခင်းဈေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ တို့ဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ယူရိုငွေနှင့်ညီမျှသော မြန်မာ ကျပ်ငွေဖြင့်လည်းကောင်း ပေးချေသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားငွေဖြင့်သာပေး ချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ နိုင်ငံခြားငွေ (သို့မဟုတ်)မြန်မာကျပ်ငွေဖြင့် ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက် ပြည်တွင်း ရတနာကုန်သည်များအနေဖြင့် ယူရိုငွေနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ယူရို(သို့မဟုတ်)ယူရိုငွေနှင့် ညီမျှသော အမေရိကန်ဒေါ်လာ (သို့မဟုတ်) ယွမ်ငွေ(သို့မဟုတ်) ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း‌ ပေးချေရမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စည်းမျည်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ယခုကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၂၀  ရက်မှ ၂၈  ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်