နေပြည်တော်၊ အောက်တိုဘာ  ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊     အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့၊ အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမမွေးမြူ ရေးဇုန် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ ရှမ်းရိုးမမွေးမြူရေးဇုန် ရှင်းလင်းဆောင်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင်က ရှမ်းရိုးမမွေးမြူရေးဇုန်ဆိုင်ရာ အချက်အလက်များနှင့် ဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ မွေးမြူရေးဇုန်အတွင်း လုပ်ငန်းကော်မတီဖွဲ့စည်း၍ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်လျက်ရှိမှု၊ တိရစ္ဆာန်ကျန်းမာရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ စောင့်ရှောက်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ဇုန်အတွင်း ဥစားကြက် မွေးမြူထားရှိမှု၊ နှစ်အလိုက် ကြက်ခြံအရေအတွက်နှင့် ကောင်ရေတိုးတက်လာမှု အခြေအနေများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကြက်ဥများ ဖြန့်ဖြူးပေးလျက်ရှိမှု၊ အဆင့်မြင့် နည်းပညာအသုံးပြု ဥစားကြက်ခြံများ ဆောင်ရွက်လျက်ရှိမှု၊ မွေးမြူရေးဇုန်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ရောဂါများဆိုင်ရာ အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မွေးမြူရေးဇုန်အတွင်း အစာထုတ်လုပ်မှု၊ ကျွေးမွေးမှုနှင့် ရေပြည့်ဝစွာ ရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး ယခု အေးသာယာ စက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမမွေးမြူရေးဇုန်တွင် လုပ်ငန်းဆောင်ရွက် မှုများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် အားပေး ရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသထွက် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို အခြေခံသည့် စက်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် အေးသာယာစက်မှုဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရမှု လျော့နည်းသွားစေရန်အတွက် နို့စားနွား မွေးမြူရေးကို ဆောင်ရွက်ကြရန် ဦးစွာရည်ရွယ်ခဲ့သော်လည်း ဒေသခံများ ပိုမိုစိတ်ဝင်စားသည့် ဥစားကြက်မွေးမြူရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊     

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများကြောင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့ချိန်တွင် အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမ မွေးမြူရေးဇုန်မှ ကြက်ဥများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေအတွက် များစွာ ဖြန့်ဖြူးပေးနိုင်ခဲ့သည့်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ် စေခဲ့ပါကြောင်း၊ ဆက်လက်၍လည်း မွေးမြူရေးဇုန် တိုးချဲ့နိုင်ရေးနှင့် တိုးချဲ့မွေး မြူနိုင်ရေးအတွက်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြက်ဥလိုအပ်ချက်သည် နေ့စဉ်ရှိနေပြီး ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်မည်ဆိုပါက ကြက်ဥဈေးနှုန်း ကြီးမြင့်မှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ လူဦးရေအပေါ်မူတည်၍ တစ်နေ့လျင် လိုအပ်နိုင်မည့် အသား၊ ငါး၊ ဥအမျိုးမျိုး တို့ကို စနစ်တကျ သုံးသပ်တွက်ချက်၍ မွေးမြူဇုန်များ တိုးချဲ့နိုင်ရေးနှင့် တိုးချဲ့ မွေးမြူနိုင်ရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အနေဖြင့် အစာစပ်စက်ရုံ ဆောင်ရွက်ပြီး မွေးမြူရေးအစာ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့်အခြေအနေရှိပြီးဖြစ်ကြောင်း၊ မွေးမြူရေးအစာထုတ်လုပ်ရန် ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများလည်း ရှိပြီးဖြစ်သဖြင့် အစာစပ်စက်ရုံကို စနစ်တကျဆောင်ရွက်ပြီး ဒေသတွင်းနှင့် နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးပေးနိုင်ရမည် ဖြစ်ကြောင်း။

အေးသာယာ စက်မှုဇုန်သည် တစ်နိုင်ငံလုံးသို့ ကြက်ဥများအဓိက ဖြန့်ဖြူးသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ကြက်ခြံများ တိုးချဲ့နိုင်ရေးအတွက်လည်း သမားရိုးကျနည်း လမ်းများအပြင် ခေတ်မီနည်းစနစ်များဖြင့် တိုးချဲ့ဆောင်ရွက်သင့်ကြောင်း၊ အလုံပိတ် အအေးခန်းစနစ် (Evaporated Cooling System) ဖြင့် အဆင့်မြင့် ကြက်မွေးမြူခြင်းသည် အရင်းအနှီးအားဖြင့် များသည်ဖြစ်သော်လည်း ဇီဝလုံခြုံမှု အပြည့်အဝရှိမည်ဖြစ်ပြီး အထွက်နှုန်းကောင်းမွန်ခြင်း၊ အရည်အသွေးမြင့် ကြက်ဥများ ရရှိနိုင်ခြင်းအပြင် အခြားအကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အေးသာယာ စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်း ပေးမည်ဖြစ်သဖြင့်  သက်ဆိုင်ရာဦးစီးဌာနများ၊ ဝန်ကြီးဌာနများနှင့် ပြည်နယ် အဆင့်တို့မှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။ 

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှမ်းရိုးမမွေးမြူရေးဇုန်အတွင်းရှိ ဒေါက်တာစိုင်းလုံ၏ အလုံပိတ် အအေး ခန်းစနစ် (Evaporated Cooling System) ဖြင့် အဆင့်မြင့် ကြက်မွေးမြူရေး ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်