နေပြည်တော်၊ အောက်တိုဘာ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၅/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့တွင် နိုင်ငံရေးအနှစ်သာရရှိရှိ၊ အဓိပ္ပါယ်ပြည့်ဝ ခမ်းနားထည်ဝါစွာဖြင့် ကျင်းပနိုင်ခဲ့
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက် တွင် နိုင်ငံရေးအနှစ်သာရရှိရှိ၊ အဓိပ္ပါယ်ပြည့်ဝ ခမ်းနားထည်ဝါစွာဖြင့် ကျင်းပနိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ရပ်တည်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် NCA နှစ်ပတ်လည်မိန့်ခွန်း ပြောကြားရာတွင်နိုင်ငံတော်အတွက် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တို့ကို သုံးသပ်၍ အဓိပ္ပါယ်ပြည့်ဝပြည့်စုံစွာ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း။
EAO များအား NCA စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ၂၀၁၁ ခုနှစ်ကတည်းက စတင်ခဲ့ကြောင်း၊ စတင်ဖိတ်ခေါ်၍ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဒို့တာဝန်အရေး (၃) ပါးကို မထိခိုက်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို လေးစားလိုက်နာရန် ပြောကြားခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးနိုင်ရေး စတင်ဆွေးနွေးချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ NCA စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် EAO အဖွဲ့များပါ ဝင်သည့် ပထမဦးဆုံး အစည်းအဝေးကို ကချင်ပြည်နယ်၊ လိုင်ဇာ၌ကျင်းပခဲ့ကြောင်း၊ ထို့နောက် ကရင်ပြည်နယ် လော်ခီးလာ၌ ကျင်းပခဲ့ကြောင်း၊ ထိုသို့ အစည်းအဝေးများ၊ တွေ့ဆုံမှုများ အကြိမ်များစွာ ပြုလုပ်ပြီးမှ ငြိမ်းချမ်းရေးဦးဆောင် ဖော်ဆောင်သူများ၊ တပ်မတော်ကိုယ်စားလှယ်အဖွဲ့များ၊ အရပ်ဘက် ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းပြီးချိန်တွင် NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ NCA စာချုပ်သည် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်များ၏ ခေါင်းဆောင်များကိုယ်တိုင် ပြည်တွင်း၊ ပြည်ပသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးထားပြီး ပြည်ထောင်စု လွှတ်တော်မှအတည်ပြု၍ နိုင်ငံတော်မှ အာမခံချက်ပေးထားသည့် ခိုင်မာသောစာချုပ်တစ်ခုဖြစ်ကြောင်း၊ NCA ၌နှစ်ဖက်စလုံးအတွက် လိုအပ်ချက်များရှိနေသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံတော်အကြား လိုလားချက်များကိုညှိနှိုင်း ဆွေးနွေးခြင်းအားဖြင့် ဆောင်ရွက်ကြမည်ဟု ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ NCA သဘောတူစာချုပ်သည် တိုင်းရင်းသားများလိုလားချက်များကို အခြေခံပြီး ရေးဆွဲခဲ့သည့်စာချုပ်၊ သဘောတူညီခဲ့သည့် စာချုပ်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ လိုလားချက်များအပေါ် နိုင်ငံတော်က ကတိကဝတ်အနေဖြင့် ပေးထားသည့် စာချုပ်တစ်ခုပင်ကြောင်း။
အမျိုးသားရေးထက် အရေးကြီးသည်မှာ ဘာမျှမရှိဆိုသည့်အတိုင်း နိုင်ငံကိုတာဝန်ယူဆောင်ရွက်ချိန်တွင် တို့တာဝန် အရေးသုံးပါးကို မထိခိုက်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကိုအခြေခံ၍ ဆောင်ရွက်နေ
နိုင်ငံတစ်နိုင်ငံတွင် အခြေခံဥပဒေသည် နိုင်ငံတော်၏ အမြင့်ဆုံးဥပဒေဖြစ်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အာမခံချက်တစ်ခုဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန်ဆောင်ရွက်၍ မရကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အခြေခံပြီး ဆောင်ရွက်ခြင်းဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလေးစား လိုက်နာသည့် နိုင်ငံရေးပါတီများသာ ရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) ကိုအခြေခံ၍ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲရလဒ်များကို နိုင်ငံတကာအနေဖြင့် အသိအမှတ်ပြုခဲ့ကြောင်း၊ ထိုသို့ အသိအမှတ်ပြုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အရ တက်လာသည့် အစိုးရကိုအသိအမှတ်ပြုခြင်း၊ တစ်နည်းအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အသိအမှတ်ပြုခြင်းပင်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံရေးပါတီများအနေဖြင့် မိမိထံ လာရောက်တွေ့ဆုံ၍ မဲဆွယ်စည်းရုံးမှုများနှင့် ပတ်သက်ပြီး ညီမျှမှုမရှိသည်ကိုအသိပေး ပြောကြားခဲ့ကြောင်း၊ မိမိအနေဖြင့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး အကြိမ်ကြိမ်ပြောကြားခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်ပွဲ၌ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး ဆန္ဒမဲပေးမှုများကို အလေးထားဆောင်ရွက်ခဲ့ကြောင်း။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် တိုင်းပြည်အတွက် နိုင်ငံရေးအဆုံးအဖြတ်ပေးသည့် ကိစ္စရပ်ဖြစ်သဖြင့် အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ မဲစာရင်းမှားယွင်းမှုများ နှင့်ပတ်သက်၍ တွေ့ရှိချက်များကို သက်ဆိုင်ရာ ကော်မရှင်ရုံး၊ အစိုးရအဖွဲ့၊ လွှတ်တော်၊ တရားရုံးချုပ် တာဝန်ရှိသူများထံသို့ ဖြေရှင်းပေးရန်အတွက် ပြောကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုမရှိသည့်အပြင် မဲမသမာမှုများဖြင့် အနိုင်ရရှိလာသည့် အရွေးချယ်ခံ ကိုယ်စားလှယ်များနှင့် လွှတ်တော်ခေါ်ယူရေး ကြိုးပမ်းဆောင်ရွက်လာခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်အား အရေးပေါ် အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အချို့ပြည်ပနိုင်ငံများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို အခြေခံ၍ကျင်းပသည့် ရွေးကောက်ပွဲများကို အသိအမှတ်ပြုခဲ့သော်လည်း မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲသမာမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကိုအရေးပေါ် အခြေအနေကြေညာ၍ တာဝန်ယူခဲ့ခြင်းအပေါ် အသိအမှတ်ပြုမှုမရှိခဲ့သည်မှာ ရှေ့နောက်မညီသည့်ပြောဆိုမှုနှင့် စံနှစ်မျိုးကျင့်သုံးခြင်း (Double Standard) များပင်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အစိုးရအဖွဲ့ကို ဖွဲ့စည်းချိန်တွင်လည်း တပ်မတော်မှ အတွေ့အကြုံ ရှိပြီးဖြစ်သည့် အရာရှိကြီးများနှင့် အရပ်ဘက်မှ သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်များအလိုက် ကျွမ်းကျင်မှုရှိပြီး အတွေ့အကြုံရှိသူများကို မျှတစွာဖြင့် ထည့်သွင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် လျှောက်လှမ်းလျက်ရှိပြီး တိုင်းပြည်ကောင်းအောင်အတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အချို့ပြည်ပနိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံအပေါ်တွင် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခြင်းနှင့် ဝင်ရောက်စွက်ဖက်မှုများကို ယခင်ကလည်း ပြုလုပ်ခဲ့သကဲ့သို့ ယခုအချိန်အထိလည်း ပြုလုပ်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းသည် “ ကြက်ဥအရောင် တိမ်တောင်သဖွယ်၊ မင်းရေးကျယ် ” ဆိုသကဲ့သို့ ရှုပ်ထွေးမှုများရှိကြောင်း၊ လွတ်လပ်ရေးမရမီကတည်းက ရှုပ်ထွေးအောင် ကြိုတင်ဆောင်ရွက်မှုများလည်း ရှိနိုင်ကြောင်း၊ နိုင်ငံ့လွတ်လပ်ရေးကို ဦးစားပေးစဉ်းစားရချိန်နှင့် အချိန်ကန့်သတ်ချက်များကြောင့် အနာဂတ်ပြည်ထောင်စု နိုင်ငံတော်အရေးနှင့် နိုင်ငံရေးလမ်းစဉ်များကို ထိုအချိန်က အမျိုးသားရေးနှင့် နိုင်ငံရေးဦးဆောင်နေသည့် ခေါင်းဆောင်များ၏ စိတ်ကြိုက်ချမှတ်နိုင်ခြင်း မရှိခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးချိန်တွင်လည်း ၎င်းအတိုင်းပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုများကို အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုမှ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့မှုများ ရှိကြောင်း၊ မြန်မာနှင့်အမေရိကန်သည် ရန်ဘက်နိုင်ငံများ မဟုတ်ကြောင်း၊ စစ်ဖြစ်ပွားဖူးခြင်းလည်း မရှိကြောင်း၊ ယုတ်ဆွအဆုံး အရှေ့တောင်အာရှတွင် အမေရိကန်ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့သော ဗီယက်နမ်စစ်ပွဲ၌ပင် မြန်မာတို့ပါဝင်ပတ်သက်မှုမရှိခဲ့ကြောင်း၊ သို့သော်ယနေ့ကာလအထိ အမေရိကန် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ရန်သူသဖွယ်သဘောထားခြင်းမှာ ကြီးမားသောနောက်ခံအကြောင်း ရှိကြောင်း၊ အရှေ့တောင်အာရှဒေသတွင် အမေရိကန်ဦးဆောင်သော SEATO အဖွဲ့ကို ၁၉၅၄ ခုနှစ်တွင်ဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ အရှေ့တောင်အာရှဒေသအတွင်း ကွန်မြူနစ်စနစ် မပြန့်ပွားရေးပင်ဖြစ်ကြောင်း၊ ၁၉၇၇ ခုနှစ်၊ ဇွန်လမှ ၎င်းအဖွဲ့ကိုဖျက်သိမ်းခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပါ ပြည်နယ်များခွဲထွက်ခွင့်၊ ၎င်းအပေါ်မူတည်၍ ၁၉၆၁ -၁၉၆၂ ခုနှစ်တွင် ဖြစ်လာသည့် ပြည်နယ်များ၏ တောင်းဆိုမှုများကို SEATO ဖြစ်စဉ်နှင့် ဆက်စပ်ကြည့်ပါက မြန်မာ့နိုင်ငံရေး၏ ရှုပ်ထွေးမှုကို သဘောပေါက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ၎င်းတို့ဖြစ်စေချင်သည့် အတိုင်း မဖြစ်သည့်အခါ ယင်းကဲ့သို့မဖြစ်အောင်ကာကွယ်နိုင်သည့် အင်အားစုများကို ရန်ပြုခြင်းမှာ မြင်သာသည့် အကြောင်းအရာပင်ဖြစ်ကြောင်း။
ယခုလက်ရှိအခြေအနေတွင်လည်း အမေရိကန်ဦးဆောင်သော အုပ်စု၏ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး (China Containment Policy) ပင်ဖြစ်ကြောင်း၊ ထို့ကြောင့်မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသော အစိုးရ/အုပ်စု အာဏာရရှိရေးကို တစ်စိုက်မတ်မတ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မရရှိခဲ့ပါက မြန်မာနိုင်ငံ၌ ကဏ္ဍပေါင်းစုံ မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုး အကြောင်းအမျိုးမျိုးဖြင့် ကူညီနေကြောင်း၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စသောနိုင်ငံများသည် သမိုင်းအစဉ်အလာအရ ရင်းနှီးသောမိတ်ဆွေ နိုင်ငံများဖြစ်ကြောင်း၊ သို့သော် အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်သော နိုင်ငံများက မိမိတို့နိုင်ငံအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြကြောင်း၊ မိမိတို့သည် ဘဏ်စနစ်တစ်ခုဖြင့်သာ ရှင်သန်ရပ်တည်ကုန်သွယ်နေသည့် နိုင်ငံမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်းမိတ်ဆွေနိုင်ငံများနှင့် လက်တွဲဆောင်ရွက်ခဲ့ရကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးနှင့် ကုန်သွယ်မှု ကိစ္စများ၌ ငွေကြေးစနစ်တစ်ခုတည်းအပေါ်တွင်သာ မှီခိုအားထားမှုမပြုဘဲ ငွေကြေးစနစ်အမျိုးမျိုးဖြင့် အသုံးပြုနိုင်မှုအပေါ် နိုင်ငံတကာက အလေးထားလာသကဲ့သို့ မိမိတို့လည်းဆောင်ရွက်နေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့် အိမ်နီးချင်းမိတ်ဆွေ နိုင်ငံများနှင့် ပိုမိုချစ်ကြည်ရင်းနှီးရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် နိုင်ငံရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ၎င်းကိစ္စများကို သိရှိထားပြီး အရှည်မျှော်တွေး၍ ချင့်ချိန်ဆောင်ရွက်သွားရန်လိုကြောင်း။
မိမိတို့နိုင်ငံသည် နိုင်ငံရေးကိစ္စရပ်များ ဆောင်ရွက်ရာ၌ သတိထားဆောင်ရွက်ရသည့် နိုင်ငံတစ်ခုဖြစ်သည်ကို သမိုင်းတွင် တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသားရေးထက် အရေးကြီးသည်မှာ ဘာမျှမရှိဆိုသည့်အတိုင်း နိုင်ငံကိုတာဝန်ယူ ဆောင်ရွက်ချိန်တွင် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်ရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကိုအခြေခံ၍ ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ကောင်စီဝင်များ အနေဖြင့် သက်ဆိုင်ရာဒေသအလိုက် အတွေ့အကြုံရှိပြီးသူများဖြစ်သဖြင့် နိုင်ငံရေး အခြေအနေအရပ်ရပ်ကို သုံးသပ်ဆောင်ရွက်သွားရန်လိုကြောင်း။
ချမှတ်ထားသည့် ရည်မှန်းချက်များနှင့် ဦးတည်ချက်များအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်
မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို အမျိုးသားရေး ရည်မှန်းချက် ၂ ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက် ၂ ရပ်အဖြစ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်ကို ချမှတ်ထားကြောင်း၊ NCA နှင့်ပတ်သက်၍ ပိုမိုခိုင်မာအောင် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ထဲတွင် ထည့်သွင်းထားကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်လည်း၍လည်း အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းထားပြီး ပါတီစုံ ဒီမိုကရေစီစနစ်အတွက် တိုင်းသိပြည်သိ အာမခံ ထားပါကြောင်း။
နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေကို ယခုထက်ပိုမို ကောင်းမွန်စေလိုလျှင် ပိုမိုပူးပေါင်း ဆောင်ရွက်သင့်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် အားပေးနေခြင်းသည် ပြည်သူတို့၏ဆန္ဒဖြစ်သော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နှောင့်နှေးသွားနိုင်ကြောင်း။
မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်ရန်၊ တိုင်းပြည်ကိုချစ်သည့် စိတ်များရှိရန်လို
မကြာမီအချိန်က (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို မိမိအနေဖြင့် တက်ရောက်အားပေးခဲ့ကြောင်း၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်ရန်၊ တိုင်းပြည်ကိုချစ်သည့် စိတ်များရှိရန်လိုပါကြောင်း၊ ယဉ်ကျေးမှုရှိမှသာ တိုင်းပြည်ချစ်စိတ်များ နိုးကြားလာမည်ဖြစ်ကြောင်း၊ အလားတူ မြန်မာမှုယဉ်ကျေးမှုများကိုသာမက တိုင်းရင်းသားယဉ်ကျေးမှု အက၊ အဆို၊ အတီးများကိုလည်း အားပေးဆောင်ရွက်သွားရန်နှင့် ဖြည့်ဆည်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှုများ မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပေါင်းစပ် ဆောင်ရွက်မှုများရှိသကဲ့သို့ ကိုယ်တိုင်ဆောင်ရွက်ရမှုများလည်းရှိကြောင်း၊ ထို့ကြောင့်ဝိုင်းဝန်းဆောင်ရွက် ပေးရန်ဖြစ်ကြောင်း။
အင်းလေးဖောင်တော်ဦးဘုရားပွဲသည် တစ်နိုင်ငံလုံးက စိတ်ပါဝင်စားသည့် ပွဲတစ်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း တက်ရောက်ခဲ့ကြောင်း၊ ကောင်စီဝင်များ အနေဖြင့်လည်း မိမိတို့ဒေသအလိုက် ထင်ရှားသည့် အခမ်းအနားများနှင့် ပြည်သူအများနှင့် သက်ဆိုင်သည့်ပွဲများကိုလည်း တက်ရောက် အားပေးကြစေလိုကြောင်း၊ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆေင်ရွက်ပေးနိုင်ရန် အတွက်ဒေသအလိုက် သွားရောက်ဆောင်ရွက်ပေးကြစေလိုကြောင်း။
စီးပွားရေးတိုးတက်မှု၌ လိုအပ်ချက်ရှိနေခြင်းနှင့်ပတ်သက်၍ ကုန်ထုတ်လုပ်မှုများ အားနည်းခြင်းကြောင့် ဖြစ်သည်ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ပြီးရောင်းချရာတွင် ကုန်ထုတ်လုပ်မှုစရိတ်နှင့် ရောင်းချသည့် ကုန်ဈေးနှုန်းများ များစွာကွာခြားမှု မရှိရန်လိုကြောင်း၊ ထို့ကြောင့် ကောင်စီဝင်များအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ကွင်းဆင်းဆောင်ရွက်ပါက ဒေသအလိုက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ကောင်စီဝင်များက တိုင်ဒေသကြီးနှင့် ပြည်နယ်အလိုက် နယ်မြေဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ကောင်စီတွဲဖက်အတွင်းရေးမှူး က ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်း နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက စားသုံးဆီ၊ စက်သုံးဆီများနှင့်ပတ်သက်၍ ရည်ညွှန်းဈေးမှန်ကန်ရေးနှင့် ဈေးကွက်အတွင်း ဖြစ်သင့်သည့် ဈေးနှုန်းထက်ပိုမို၍ ရောင်းချမှုမရှိစေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကောင်စီဝင်များ အနေဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူတို့၏အကျိုးကိုသာကြည့်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကုန်ဈေးနှုန်းကြီးကြပ်ရေး ကော်မတီအနေဖြင့်လည်း စနစ်တကျ စိစစ်ကြီးကြပ် ကိုင်တွယ်သွားရန် မှာကြားပြီ ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းမှုနှင့်ပတ်သက်၍ စနစ်တကျမှန်မှန်ကန်ကန် ဖြစ်ရန်လိုကြောင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်နှင့် ကိုက်ညီရန်လိုကြောင်း၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်များ ရွေးချယ်ရာတွင်လည်း ပါတီတွင်းဒီမိုကရေစီစနစ်ဖြင့် အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ပါက ပိုမိုသင့်တော်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရွေးကောက်ပွဲမပြုလုပ်မီ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးသွားရန်ရှိပါကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များသည် ပါတီတွင်း ဒီမိုကရေစီစနစ်ဖြင့် ပါတီကိုကိုယ်စားပြုသူများဖြစ်လျှင် အဓိပ္ပါယ်ပြည့်ဝမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံ၏ အရေးကြီးလိုအပ်ချက်ဖြစ်သော လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာ၌ ခိုင်မာသော ကိုယ်စားပြုမှုနှင့် ရေရှည်အာမခံချက်များ ရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့်ချမှတ်ထားသော အမျိုးသားရေးရည်မှန်းချက်များနှင့် နိုင်ငံရေးရည်မှန်းချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်