နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၇

မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှသံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အသင်း/အဖွဲ့များ၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခချုပ်များနှင့် ပါမောက္ခများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံပြည်သူ့ ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃) ဖွင့်ပွဲအထိမ်းအမှတ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ကျယ်ပြန့်သည့်ကဏ္ဍတစ်ရပ်ဖြစ်

ထို့နောက် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) ဖွင့်ပွဲဒုတိယ ပိုင်းကို Plenary Hall ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ “ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃)” ကို နိုင်ငံတကာနှင့် ပြည်တွင်း၌ ဆောင်ရွက်နေကြသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံများကို ဖလှယ်ရန်၊ နိုင်ငံတကာနှင့် ပြည်တွင်း ပြည်သူ့ကျန်းမာ‌ရေး အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကွန်ရက်ကို ပိုမိုမြှင့်တင်ရန်၊ အရည်အသွေးပြည့်ဝသည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများကို လွှမ်းခြုံမှုမြင့်မားစွာဖြင့် လူတိုင်းလက်လှမ်းမီ သာတူညီမျှရရှိရေး တိုးမြှင့်ဆောင်ရွက်ရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်(SDGs)ပါ ရည်မှန်းချက်များနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP)ပါ ရည်မှန်းချက်များပြည့်မီရေးတွင် အဓိကကျသည့် ပြည်သူ့ကျန်းမာရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုဖော်ထုတ်ရန်၊ အနာဂတ်ပြည်သူ့ ကျန်းမာရေးကဏ္ဍတွင် ဦးဆောင်မည့်သူများအား ပြုစုပျိုးထောင်ရန်ဆိုသည့်ရည်ရွယ်ချက်များနှင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ကို သိရပါကြောင်း၊ အင်မတန်ကျယ်ပြန့်သည့် ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ယခု နှီးနှောဖလှယ်ပွဲကြီးတွင် ပြည်တွင်းမှ ပြည်သူ့ကျန်းမာရေးပညာရှင် ၁၈၀၀ ကျော်နှင့် နိုင်ငံတကာမှ ပြည်သူ့ကျန်းမာရေးပညာရှင် ၃၀ တို့က လူကိုယ်တိုင်နှင့် Online တို့မှ တက်ရောက်ဆွေးနွေးကြမည်ဟု သိရပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူအားလုံး၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး စဉ်ဆက်မပြတ်အားပေး ဆောင်ရွက်လျက်ရှိရာတွင် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိဘူး” ဆိုသည့်မူနှင့်အညီ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး”ဆိုသည့် လူမှုရေးဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီးကိုလည်း “Improving the longevity and health of the nation” “လူတိုင်း သက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့”ဆိုသည့် ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည့်အတွက် အဆိုပါ လူမှုရေးဦးတည်ချက်ကို အကောင်အထည်ဖော်ရာ၌ အရေးကြီးသည့် ပံ့ပိုးမှုတစ်ခုအနေဖြင့် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။

နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်ပေး

ပြည်သူ့ကျန်းမာရေးဆိုသည်မှာ ကျန်းမာရေးနှင့် သက်ဆိုင်သူများက ပြည်သူများကျန်းမာကြံ့ခိုင်စေရန် နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်ပေးခြင်းနှင့် ပြည်သူများကလည်း ကျန်းမာရေးအသိဖြင့် သက်ရှည်ကျန်းမာအောင် နေထိုင်စားသောက်လုပ်ဆောင်ကြခြင်းပင်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများသည် ကျန်းမာရေးအဆင့်မြှင့်တင်ရေးနှင့် ရောဂါများကြိုတင်ကာကွယ်တားဆီးရေးတို့ကို ပိုမိုအလေးပေးဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ရောဂါကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးမြင့်ရရှိလာနိုင်မည်ဖြစ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာစေရေးကို များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် “Prevention is better than cure” “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်”ဆိုသည့်စကားအတိုင်း ရောဂါကြိုတင်ကာကွယ် တားဆီးရေးကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပြည်သူများ၏ မျှော်မှန်းလူ့သက်တမ်း ပိုမိုမြင့်မားလာရန်၊ လူတိုင်းသက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းရှင်းရန် ရည်ရွယ်ဆောင်ရွက်ရာတွင် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို မြှင့်တင်ပေးခြင်းသည် အဓိကကျပါကြောင်း။

မိမိတို့နိုင်ငံတွင် ပြည်သူ့ကျန်းမာရေးကဏ္ဍကို အထူးအလေးပေး ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ၁၉၉၀ ပြည့်နှစ်တွင်ရှိခဲ့သည့် မိခင်သေဆုံးမှုနှုန်းကို ၂၀၂၀ ပြည့်နှစ်တွင် ၆၀ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး အသက်ငါးနှစ်အောက်ကလေးသေဆုံးမှုနှုန်းသည် ၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် ၅၃ ဒသမ ၂ ရာခိုင်နှုန်း အထိကျဆင်းခဲ့သည်ဟု သိရပါကြောင်း၊ မွေးကင်းစကလေးသေဆုံးနှုန်း သည်လည်း ၂၀၀၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ် တွင် ၄၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တီဘီရောဂါ ဖြစ်ပွားမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ၂၀၁၅ ခုနှစ် ရောဂါဖြစ်ပွားနှုန်း၏ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည့်အတွက် အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံသည် တီဘီရောဂါအဆုံးသတ်နိုင်ရေးမှတ်တိုင်(End TB milestone) ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည်ဟု သိရှိရပါကြောင်း၊ ထို့အပြင် HIV/AIDS နှင့်ငှက်ဖျားရောဂါများ ဖြစ်ပွားမှု၊ သေဆုံးမှုကိုလည်း သိသိသာသာလျှော့ချနိုင်ခဲ့သည်ကို သိရှိရပါကြောင်း၊ ယခုကဲ့သို့ ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ရရှိခဲ့သည့် အောင်မြင်မှုများကို မိမိအနေဖြင့် အထူးပင်အသိအမှတ်ပြုပါကြောင်းနှင့် ပြည်သူများ ငွေကြေးကုန်ကျမှုနည်းနည်းဖြင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို တိုင်းရင်းသားများအပါအဝင် လူတိုင်းလက်လှမ်းမီ သာတူညီမျှရရှိနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

မရှိမဖြစ် အခြေခံဆေးနှင့်ဆေးပစ္စည်းများအား ဝယ်ယူဖြည့်တင်းပေး

အခြေခံကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လိုအပ်ချက်အရ ကျေးလက်ဒေသများအထိ သွားရောက်ပြီး အနီးကပ်ဆောင်ရွက်ကြရပါကြောင်း၊ နိုင်ငံတော်ကလည်း အခြေခံကျန်းမာရေးဝန်ထမ်းများ တိုးမြှင့်ခန့်ထားပေးခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့်ဌာနခွဲများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ စံကိုက်ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများအဖြစ် အဆင့်မြှင့်တင်ပေးခြင်း၊ ဝန်ထမ်းအိမ်ရာများ ထည့်သွင်းဆောက်လုပ်ပေးခြင်းနှင့် မရှိမဖြစ်အခြေခံ ဆေးနှင့်ဆေးပစ္စည်းများအား ဝယ်ယူဖြည့်တင်းပေးခြင်းတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ခံစားခွင့်များကိုလည်း တိုးမြှင့်ခွင့်ပြုပေးထား

ကျန်းမာရေးဝန်ထမ်းများ တာဝန်ကျရာနေရာတွင် အဆင်ပြေစွာ နေထိုင်တာဝန်ထမ်းဆောင်နိုင်ရန် အတွက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဝန်ထမ်းအိမ်ရာများကို တိုးမြှင့်ဆောက်လုပ်ပေးလျက်ရှိသည့်အပြင် ဘွဲ့လွန်ရရှိထားသည့်ဆရာဝန်၊ သူနာပြုအပါအဝင် ကျန်းမာရေးဝန်ထမ်းများကို ပညာရှင်ဘွဲ့ ချီးမြှင့်ငွေများ လစဉ်ချီးမြှင့်နေသကဲ့သို့ ခံစားခွင့်များကိုလည်း တိုးမြှင့်ခွင့်ပြုပေးထားပါကြောင်း၊ အလားတူ ကျန်းမာရေးလုံခြုံမှု လိုအပ်သည့်ဝန်ထမ်းများအတွက်လည်း Risk Allowance လစဉ် ချီးမြှင့်ငွေများကိုလည်း ပေးအပ်လျက်ရှိပါကြောင်း။

နိုင်ငံတော်က ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် တီဘီ၊ HIV ရောဂါကုသဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရေး၊ မိခင်ကလေးကျန်းမာ‌ရေးနှင့် အာဟာရဖွံ့ဖြိုးရေး၊ မကူးစက်နိုင်သော ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရေး စသည်များအပါအဝင် ကျန်းမာရေးကဏ္ဍအတွက် ရန်ပုံငွေများကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ခွဲဝေချထားပေးလျက်ရှိပါကြောင်း။

နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ နှီးနွှယ်ဌာနများ၊ အလှူရှင်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကိုလည်း အချိန်တိုအတွင်း ထိခိုက်ဆုံးရှုံးမှုနည်းစွာဖြင့် အောင်မြင်စွာကာကွယ်ထိန်းချုပ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာလ အလွန်တွင် အခြား ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိခြင်း၊ ၂၀၂၃ ခုနှစ်၊ မေလထဲ၌ ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းအပြီးတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ချက်ချင်းအရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် မုန်တိုင်းအလွန်ကာလတွင် ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိခြင်းတို့သည် ကျန်းမာရေးကဏ္ဍ၏ အောင်မြင်မှုမှတ်တိုင်များပင် ဖြစ်ပါကြောင်း။

ဝိုင်းဝန်းပါဝင်ပူးပေါင်းဆောင်ရွက်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးကဏ္ဍနှင့်သက်ဆိုင်သည့် ဦးတည်ချက်များ အောင်မြင်ရေးကို ယခုကျင်းပသည့် ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲမှရရှိလာမည့်အတွေ့အကြုံများ၊ ဗဟုသုတများ၊ နည်းပညာသစ်များကို သေချာစွာဆန်းစစ်လေ့လာပြီး တီထွင်ဆန်းသစ်မှုများနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးသွားကြရန်၊ တိုင်းရင်းသားပြည်သူအားလုံး ရောဂါဘယကင်းရှင်းပြီး သက်တမ်းစေ့ အသက်ရှည်စွာနေထိုင်နိုင်ရေးနှင့် မျှော်မှန်းသက်တမ်း မြင့်မားလာရေးတို့အတွက် နိုင်ငံတော်၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းကို ပိုမိုတိုးတက်မြင့်မားလာစေရေး အားလုံးက ဝိုင်းဝန်းပါဝင်ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အောင်မြင်မှုများမှတ်တမ်း (Video Clip)ကို ပြသပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက “မြှင့်တင်အားပေး ပြည်သူ့ကျန်းမာရေး” ဂုဏ်ပြုတေးသီချင်းဖြင့် သီဆို ဖျော်ဖြေကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျန်းမာ ရေးနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ အထူးဖိတ်ကြားထားသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှု

ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် မျိုးဆက်ပွားမိခင်နှင့် ကလေးကျန်းမာရေးဌာနခွဲ ပြခန်း၊ သက်ကြီးရွယ်အိုကျန်းမာရေး အာဟာရနှင့် ကျောင်းကျန်းမာရေးဌာနခွဲပြခန်း၊ လုပ်ငန်းခွင်နှင့် ကျန်းမာရေးသတင်းအချက်အလက် ဌာနခွဲပြခန်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ပြခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ဌာနခွဲပြခန်း၊ ရောဂါနှိမ်နင်းရေးနှင့် မကူးစက်တတ်သော ရောဂါဌာနခွဲပြခန်း၊ ဗဟိုကူးစက်သဘာဝဘေးနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်ဌာနခွဲပြခန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြခန်း၊ စက်မှုဝန်ကြီးဌာနပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြခန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြခန်း၊ ပြည်ထဲရေးဝန်ကြီးဌာနပြခန်း၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများပြခန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနပြခန်း၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ပြခန်းများကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးကာ လိုအပ်သည်များ အကြံပြုပြောကြားခဲ့သည်။

ယခုကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံပြည်သူ့ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)ကို ဒီဇင်ဘာ ၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်