နေပြည်တော်၊ ဒီဇင်ဘာ ၁၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်းတိုက်တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့် အတူ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိကြပြီး မန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒအား သွားရောက်ဖူးမြော်ကြည်ညိုသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ကြီးထံသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံစံတူရုပ်ပွားတော်မြတ်များ၊ လှူဖွယ်ပစ္စည်းများ၊ လားရှိုးမြို့တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအတွက် ငွေကျပ်သိန်း ၅၀၀၀၊ အဝတ်အထည် ၆၀၀၀ ကျော်၊ ဆန်နှင့် စားသောက်ဖွယ်ရာပစ္စည်းများကိုလှူဒါန်းရာ မန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ကြီးက အမှန်တကယ်လိုအပ်လျက်ရှိသည့် နေရပ်စွန့်ခွာသူများ အားလုံးရရှိစေရေး ခွဲဝေပေးသွားမည့်အခြေအနေများကို ပြန်လည်မိန့်ကြားသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ၎င်းတို့၏ နေရပ်များတွင် အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသများသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အစိုးရနှင့် တပ်မတော်မှ လိုအပ်သည်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လိုအပ်သည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ထပ်မံ၍လည်း ပေးပို့ပေးမည်ဖြစ်ကြောင်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းဖြင့် အားပေးစကား ပြောကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စားသောက်ဖွယ်ရာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်မှ  ပြန်လည်ထွက်ခွာကြရာ ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများက လက်ဝှေ့ယမ်းပြ နှုတ်ဆက်ခဲ့ကြသည်။

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိကြပြီး တိုင်းစစ်ဌာနချုပ် ဧည့်ခန်းမဆောင်၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီးတို့က တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအတွက် ချီးမြှင့်ငွေ ကျပ်သိန်း ၅၀၀၀ ကိုပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာမိသားစုဝင်များက လက်ခံရယူကြသည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အောက်တိုဘာ ၂၇ ရက်မှစ၍ MNDAA၊ TNLA၊ AA အဖွဲ့တို့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အချို့သော ကျေးရွာများ၊ မြို့များ၊ လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူလူထုတို့အနေဖြင့် ၎င်းတို့၏နေရပ်မှ တိမ်းရှောင်စွန့်ခွာ၍ လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ ရုံး၊ အဆောက်အဦများ၌ ယာယီတည်းခို နေထိုင်ရလျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ အိမ်ထောင်စု ၁၄၂၈ စုမှ လူဦးရေ ၄၉၂၂ ဦးခန့် ရောက်ရှိတည်းခိုနေထိုင်ရလျက်ရှိ ကြောင်းသိရှိရပြီး ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှု ကိစ္စရပ်များအဆင်ပြေစေရန်   အစိုးရ၊ တပ်မတော်တို့မှ ဦးဆောင်၍ လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့၏ နေရပ်များတွင် အေးချမ်းစွာဖြင့် အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး နယ်မြေဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို နေ့ညမပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ  ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများ ကြုံတွေ့ခဲ့ရမှုများနှင့် ယခုကဲ့သို့ လိုအပ်သည်များ လာရောက်ထောက်ပံ့ပေးအပ်သည့်အတွက် ကျေးဇူးတင်စကားများ ကို ယခုလိုပဲကြားသိရပါတယ်-

 

mdn

 

ကျွန်မတို့ကအခုအချိန်မှာ မာန်ဆူဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေရတဲ့ အတွက်ကြောင့် ကျွန်မတို့မှာ ဒုက္ခအများကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မသမာသူတွေကြောင့် ကျွန်မတို့မှာ အိမ်တွေအိုးတွေ ပျက်ဆီးခဲ့ရတဲ့ အတွက်ကြောင့် ကျွန်မတို့မှာ ဒုက္ခအများကြီးရောက်တာကို မာန်ဆူဆရာတော် ဘုရားကြီးကနေ ကူညီမစတဲ့အတွက်ကြောင့် ကျွန်မတို့မှာ ကောင်းကောင်းစား၊ ကောင်းကောင်းနေရပါတယ်။ အခုလိုကျွန်မတို့ကို အိုးပျက်အိမ်ပျက်တွေရှိတဲ့ မသမာသူလူတစ်စုကိုလည်း ရှုံ့ချပါတယ်။ အခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌကြီးလာတဲ့အတွက် ကျွန်မတို့မှာ ပိုပြီး ဝမ်းသာရပါတယ်။ သူအခုလိုကျွန်မတို့စီကို လာပေးတာကိုလည်း အထူးကျေဇူးတင်ပါတယ်။ နောက်ထပ်လဲ ဒီလိုဘဝမျိုးမတွေ့အောင် ကျွန်မတို့ အမြဲတမ်းဆုတောင်းနေပါမယ်။

 

mdn

ကျွန်မတို့ ဒီလိုဘဝမျိုးတစ်ခါမှာ မကြုံခဲ့ဖူးပါဘူး။ အခုလိုအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတော်က ဦးစီးအဖွဲ့အစည်းတွေက ကျွန်မတို့ကို အခုလိုမျိုး ကူညီပံ့ပိုးလို့ အခုလိုမျိုး မာန်ဆူဘုန်းကြီးကျောင်းမှာ  နေ့ခဲ့ရပါတယ်။ နောက်ကိုလည်းဒီလိုမျိုးမဖြစ်အောင်လို့ ကျွန်မတို့အမြဲတမ်းဆုတောင်းနေပါတယ်။ ဒီလိုမျိုး တိုက်ခိုက်တဲ့ အဖွဲ့အစည်းတွေလည်း မရှိပါစေနဲ့၊  ကျွန်မတို့လို အိုးပစ်အိမ်ပစ်တွေ၊ သားသမီးပစ်တွေနဲ့လည်း ပစ်ထားခဲ့ရပါတယ်။ ကျွန်မတို့မှာ စီးပွားရေးတွေ အကုန်လုံးလည်း ပျက်ဆီးခဲ့ရပါတယ်။ အဲ့ဒီတော့ ဒီလိုမျိုးဖျက်ဆီး ယိုယွင်းတဲ့သူတွေကိုလည်း ဘယ်လိုမှ ထောက်ခံလို့မရပါဘူး။

 

mdn

မိသားစုတွေ အိုးမဲ့အိမ်မဲ့လိုဖြစ်နေပြီးတော့မှ မာန်ဆူကြေးဘုရားဘုန်းကြီး ကျောင်းမှာ ရောက်ခဲ့ရပါတယ်။ အဲ့ကနေပြီးတော့ နိုင်ငံတော်ဝန်ကြီးချုပ်လာပြီးတော့မှ အစစအရာရာ ပြည့်စုံအောင်လုပ်ပေးပါတယ်။ မိသားစုတွေအကုန်လုံး အဆင်ပြေအောင် လုပ်ပေးမယ်လို့လဲ သူလုပ်ပေးမယ်လို့လဲ အကုန်လုံးက အာမခံ ပေးသွားပါတယ်။ ကျွန်တော်တို့အကုန်လုံး အစစအရာရာလည်း ဝေရာဝစ္စအကုန်လုံး ပြည့်စုံအောင် လုပ်ပေးသွားပါတယ်။ အကုန်လုံး လာလှူတဲ့အတွက်ရော ကျွန်တော်တို့ ပြည်သူလူထုကို စောင့်ရှောက်ပေးတဲ့ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။

 

mdn

ဒီကနေ့ကျွန်တော်တို့ အိမ်နေလူတွေ ဒီကိုတည်းခိုပြီးတော့ စစ်ဘေးရှောင်လာတာ နိုင်ငံတော် အကြီးအကဲတွေ၊ ဒီကတာဝန်ရှိတဲ့ လာရှိုးမြို့ကုန်းမှာ လူကြီးမိဘတွေ လာပြီးတော့ ကျွန်တော်တို့ကို ကူညီပေးတာတော့ အများကြီးကိုကျေးဇူးတင်ပါတယ်။