နေပြည်တော် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဂျပန်တံတား တည်ဆောက်ရေး အင်ဂျင်နီယာအဖွဲ့ Nippon Koei ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားပြုလုပ်မည့် နေရာသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲ အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
လွှဲပြောင်းပေးအပ်
ယင်းနောက် ပဲခူးမြစ်ကူး တံတား (သန်လျင်တံတားအမှတ်- ၃) တည်ဆောက်ခြင်း Docum-entary Movie ကို တင်ပြပြီး တံတားတည်ဆောက်ခြင်းဆိုင်ရာ စာရွက်စာတမ်းများကို ဂျပန်တံတားတည်ဆောက်ရေး အင်ဂျင်နီယာအဖွဲ့ Nippon Koei ကုမ္ပဏီမှ Mr. Togo က ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုထံသို့ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ဖွင့်လှစ်ခြင်း အထိမ်းအမှတ် လက်ဆောင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပဲခူး မြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ဖွင့်လှစ်ခြင်းအထိမ်း အမှတ်အဖြစ် အမှာစကား ပြောကြားရာတွင် ယနေ့သည် မြန်မာပြည်သူလူထု၏ လူမှုစီးပွားဘဝ ပိုမိုမြင့်မားလာစေရေးအတွက် အရေးပါသည့် ပဲခူး မြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ကို အောင်မြင်စွာတည် ဆောက်ဖွင့်လှစ်နိုင်ခြင်းအတွက် ဂုဏ်ယူဖွယ်ရာနေ့ တစ်နေ့ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီးအတွက်သာမကဘဲ မြန်မာပြည်သူများ အားလုံးအတွက်ပါ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နေ့တစ်နေ့ဖြစ်ကြောင်း။
ခိုင်ခံ့လှပထည်ဝါစွာ တည်ဆောက်ခဲ့
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့တို့ကို ဆက်သွယ်ထားသည့် အရှည် ၈,၆၃၈ (ရှစ်ထောင့်ခြောက် ရာသုံးဆယ့်ရှစ်) ပေရှိသည့် ပဲခူး မြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) လေးလမ်းသွားတံတားသစ်ကြီးကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ သက်သာသည့်ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတံတားကို အခြားတံတားဒီဇိုင်းများနှင့် မတူစေဘဲ ရန်ကုန်မြို့၏ အထင်ကရ အမှတ်အသား (Landmark) ဖြစ်စေရန်အတွက် သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge) ဖြင့် ခိုင်ခံ့လှပထည်ဝါစွာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း။
ယခုတံတားကြီး တည်ဆောက်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်တွင် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအခြေအနေများကြောင့် တံတားတည်ဆောက်ရေးလုပ်ငန်း၊ ချေးငွေကိစ္စရပ်များ တုံ့ဆိုင်းသွားခဲ့ပြီး အကြိမ်ကြိမ်ညှိနှိုင်းချက်များအရ ပြန်လည်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ရန်ပုံငွေသုံးစွဲမှုတွင် လိုအပ်ချက်ဖြစ်ပေါ်လာခြင်းကြောင့် နိုင်ငံတော်မှ ကျပ် ၄၆ ဘီလီယံကျော်ထည့်ဝင်ကျခံပြီး တံတားကြီးတည်ဆောက်ပြီးစီးရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ တံတားကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီဖြစ်ကြောင်း။
လမ်းပန်းဆက်သွယ်ရေးကဏ္ဍ အရေးကြီး
မိမိတို့ နိုင်ငံတစ်ဝန်းတွင် အေးအတူပူအမျှ လက်တွဲပြီး မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာရေးအတွက် ပထဝီအနေအထားအရ သဘာဝအတား အဆီးဖြစ်သည့်နေရာများတွင် တံတားများ တည်ဆောက်ပေးခြင်း၊ လမ်းများကို ရာသီမရွေးသွားလာနိုင်အောင် ဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် မြို့ပြဒေသများသာမက ဝေးလံခေါင်ပါးသည့် နယ်စပ်ဒေသများပါမကျန် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းများအဆင့်မြှင့်တင်ပေးခြင်း၊ လမ်းကွန်ရက်များ တိုးချဲ့ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမြို့တော်ကြီး တစ်မြို့ဖြစ်သကဲ့သို့ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လူဦးရေတိုးပွားလာမှုတို့ကြောင့် တစ်နေ့တာသွားလာသည့် ယာဉ်အစီးရေသည်လည်း သိသိသာသာ တိုးမြင့်လာသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောသွားလာမှု စနစ်တကျဖြစ်စေရေးအတွက် ခုံးကျော်တံတားများ တည်ဆောက်ခြင်းနှင့် လေးလမ်းသွား မြစ်ကူးတံတားကြီးများ တည်ဆောက်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများကြောင့် လက်ရှိဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့နေမှုကို လျှော့ချနိုင်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်လာမည်ဖြစ်သည့်အတွက် ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားများ ဖြစ်ပေါ်လာစေရန် မပြတ်သော သတိ၊ မလျော့သော ဝီရိယများနှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများတွင် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာမည်ဟူသည့် အကြောင်းကိုလည်း ပြောကြားလိုကြောင်း။
လူမှုစီးပွားဘဝ တိုးတက်လာမည်
ယခုအခါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃) လေးလမ်းသွား တံတားသစ်ကြီးကို ဖွင့်လှစ်လိုက်ပြီဖြစ်သည့်အတွက် သန်လျင်တံတားအမှတ် (၁) တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်တော့မည် ဖြစ်သည့်အပြင် သီလဝါ အထူးစီးပွားရေးဇုန်ကို အကြောင်းပြုပြီး ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်း ခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ကြောင်း၊ နောင်အခါတွင် အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြုပြီး ဘားအံမြို့- မြဝတီမြို့အထိ ဆက်စပ်သွားလာနိုင်တော့မည် ဖြစ်သည့်အတွက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမည်သာမက ဒေသတွင်း နိုင်ငံများနှင့်ပါ ဆက်သွယ်မှု ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း။
ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းနှင့်အတူ သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင် ပါဝင်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင် အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍ မြှင့်တင်ရေးနှင့် ပြည်တွင်းထုတ်ကုန်များကို နိုင်ငံတွင်းဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး” ဟူသည့် အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူများစွာ ပြုစေမည်ဖြစ်ကြောင်း။
ထိန်းသိမ်းစောင့်ရှောက်
ယခုတံတားကြီး တည်ဆောက်ပြီးစီးခြင်းနှင့်အတူ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝသာမက အလုပ်အကိုင်အခွင့်အလမ်းများပွင့်လန်းလာပြီး ခရီးသွားပြည်သူများလွယ်ကူလျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်သောကြောင့် တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူများက ကြံ့ခိုင်ရေး ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာပြီး ရေရှည်ကိုမျှော်မှန်းကာ ဆောင်ရွက်ကြရန်လိုသကဲ့သို့ ဒေသခံများကလည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တံတားတည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသည့် တည်ဆောက်ရေး အင်ဂျင်နီယာအဖွဲ့အား သစ်သီးခြင်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) အား ဖဲကြိုးဖြတ် ဖွင့်လှစ်မည့်နေရာသို့ ရောက်ရှိကြပြီး ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ဆက်လက်၍ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်
ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ကမ္ပည်းမော်ကွန်းကြေးပြားဖွင့်လှစ်မည့် တံတားအလယ်တိုင် (Pylon) သို့ ရောက်ရှိကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ပည်းမော်ကွန်း ကြေးပြားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းကြေးပြားကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) အား ဖြတ်သန်းကြည့်ရှု၍ တည်ဆောက်ပြီးစီးမှု အခြေအနေများကို စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
အဆိုပါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စီမံကိန်း အကောင်အထည်ဖော်ရေး သဘောတူညီချက်အရ ၂၀၁၃ ခုနှစ်မှစတင်၍ စီမံကိန်းလုပ်ငန်းအဆင့်အလိုက် အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တံတားအရှည်အနေဖြင့် မြစ်ကူးတံတား အပိုင်း ၆၆၆၃ ပေ၊ ခုံးကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိ၍ တံတားအကျယ် ၇၅ ပေဖြစ်ကာ လေးလမ်းသွား တံတားဖြစ်ပြီး တစ်ဖက်လျှင် Safe Zone ၅ ပေစီပါရှိသည်။ တံတား၏ ရေလမ်းကင်းလွတ် အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်း ကင်းလွတ်အကျယ်မှာ ၇၃၅ ပေဖြစ်၍ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ကာ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်သည်။
အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခဲ့
ယခုကဲ့သို့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့သည့်အတွက် သန်လျင်တံတား အမှတ်-၁ တွင် ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး သီလဝါ အထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများ တိုးပွားလာမှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်း ခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသ ဖွံ့ဖြိုးတိုးတက်လာမည်သာမက အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည်ဖြစ်သောကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အကျိုးပြုမည်သာမက ဒေသတွင်း နိုင်ငံများနှင့်ပါ ဆက်သွယ်မှု ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ အဆင့်မြင့် နည်းပညာဖြင့် ဆောက်လုပ်ထားသည့် တံတားဖြစ်သည့်အတွက် မြန်မာအင်ဂျင်နီယာများအနေဖြင့် တံတားတည်ဆောက်ခြင်း ခေတ်မီနည်းပညာနှင့် အတွေ့အကြုံများရရှိခဲ့ပြီး ကျွမ်းကျင်လုပ်သားများလည်း ပေါ်ထွက်လာခဲ့ကြောင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိစေခဲ့သည့် အကျိုးကျေးဇူးများရရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


