နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက မြန်မာနိုင်ငံစာကြည့်တိုက်များနှင့် တပ်ရင်း/တပ်ဖွဲ့ စာကြည့်တိုက်များသို့ လူထုသိပ္ပံကျမ်း အတွဲ (၈ ၊ ၉)နှင့်  ခေတ်သစ်လူထုသိပ္ပံကျမ်းစာအုပ်များ ပေးအပ်လှူဒါန်းပွဲနှင့် ရန်ကုန်တိုင်းဒေသကြီး စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနားကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ၊ တပ်ရင်း/တပ်ဖွဲ့ စာကြည့်တိုက် များသို့ လူထုသိပ္ပံကျမ်း အတွဲ (၈၊ ၉) နှင့် ခေတ်သစ်လူထုသိပ္ပံကျမ်းစာအုပ်များ လှူဒါန်းပွဲ၊ ရန်ကုန်တိုင်းဒေသကြီး ပဉ္စမအကြိမ် စာအုပ်စာစောင်များလှူဒါန်းပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်​ဆွေနှင့်တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဖျော်ဖြေတင်ဆက်

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဗီဒီယို Clip ပြသသည်။

 

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားသည့်အတိုင်း စာမဖတ်သူသည် ထိုင်နေသူနှင့်တူပြီး စာတတ်ပြီး စာမဖတ်သူသည် ရပ်နေသူ၊ စာတတ်ပြီး စာဖတ်သူက လမ်းလျှောက် နေသူဖြစ်ကြောင်း၊ မိမိမဖတ်ဖူးသေးသည့် စာအုပ်သည် အသစ်ပင်ဖြစ်ပါကြောင်း၊ စာအုပ်အဟောင်းများ ထဲမှ စာအုပ်​ကောင်းများကို ပြန်လည်ပုံနှိပ်ထုတ်ဝေရန် စီစဉ်လျက်ရှိပါကြောင်း၊ စာဖတ်ရန်၊ ဖတ်ပြီးမှတ်ရန်၊ မှတ်ပြီးတွေးရန် လိုအပ်ပါကြောင်း၊ အချို့လူငယ်များသည် စာမဖတ်သဖြင့် အသိပညာဗဟုသုတချို့တဲ့ကာ မသမာသူများ၏ ဖြားယောင်း သွေးဆောင်မှုကို ယုံကြည်၍လမ်းမှားသို့ ရောက်နေကြပါကြောင်း။

 

နိုင်ငံတော်အကြီးအကဲက မိမိနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကျင်းပကာ စာပေဖတ်ရှုလေ့လာမှုများကို မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ယနေ့အချိန်တွင် မသမာသူများ က သတင်းတု၊ သတင်းမှားများကို ထုတ်လွှင့်ပြီး ပြည်သူများအား အထင်အမြင်လွဲမှားစေရန် လုပ်ဆောင်နေမှုများအပေါ် မှန်ကန်စွာသိမြင်နိုင်ရေးအတွက် အသိပညာဗဟုသုတပြည့်ဝအောင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှမိသားစုက ​လှူဒါန်း​သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက် ၁၃၇ တိုက်အတွက် လူထုသိပ္ပံကျမ်း အတွဲ(၈)၊ အတွဲ(၉) စာအုပ်နှင့် ခေတ်သစ်လူထုသိပ္ပံ ကျမ်းစာအုပ် ၄၁၁ အုပ်အား ပြည်​ထောင်စုဝန်ကြီး ဦးမောင်​မောင်အုန်းက ​ ပေးအပ်ရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက လက်ခံရယူသည်။

 

ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးသို့ လှူဒါန်းသည့် စလောင်းအစုံ ၅၀ နှင့် DTH စက်အလုံး ၁၀၀ တို့အား ပြည်​ထောင်စုဝန်ကြီးက ​ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှမိသားစုက လှူဒါန်းသည့် တပ်မတော်ဌာနချုပ်များ၊ တပ်ရင်း/တပ်ဖွဲ့စာကြည့်တိုက်များအတွက် လူထု သိပ္ပံကျမ်း အတွဲ(၈)၊ အတွဲ(၉) စာအုပ်နှင့် ခေတ်သစ်လူထုသိပ္ပံ ကျမ်း စာအုပ် ၁၅၀၀ နှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအတွက် လူထုသိပ္ပံကျမ်းအတွဲ (၈)၊ အတွဲ(၉)စာအုပ်နှင့် ခေတ်သစ်လူထုသိပ္ပံကျမ်း ၂၅၈၉ အုပ်တို့အား ပြည်ထောင်စုဝန်ကြီးက ပေးအပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ခေတ္တဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး သက်ပိုင်ဇော်နှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်​ဆွေတို့က လက်ခံရယူကြသည်။

 

စလောင်းနှင့် DTH စက်များ မဲဖောက်ပေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တက်ရောက်လာကြသည့် ဧည့်ပရိသတ်များ အား စလောင်းနှင့် DTH စက်များအား ကံစမ်းမဲဖောက်ပေးကြသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက မုဒိတာစကား ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက ကျေးဇူးတင် စကားပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီက ​ပေးအပ်​သည့် ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များအတွက် ပဉ္စမအကြိမ် ငွေကျပ်သိန်း ၂၅၀ တန်ဖိုးရှိ သုတရသစာအုပ်များအား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကပေးအပ်ရာ ရပ်ကွက်ကျေးရွာစာကြည့်တိုက်မှူးများက လက်ခံရယူပြီး အမျိုးသားစာပေဆုရှင် စာရေးဆရာမ မစန္ဒာ က စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ဟောပြောဆွေးနွေးသည်။

 

 ဂုဏ်ပြုဆုငွေများပေးအပ်

ယင်းနောက် ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ များက “ကမ်းမားမှာ ရေပက်ကစားကြမယ်” ရှမ်းသီချင်း ဖြင့်လည်းကောင်း၊ အလုံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက “ပန်းရည်ဘဏ်တိုက်” သီချင်းဖြင့် လည်းကောင်း သီဆိုဖျော်ဖြေကြပြီး စာရေးဆရာမ မစန္ဒာနှင့် အခမ်းအနားတွင် သီဆိုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူလေးများအား ဂုဏ်ပြု ဆုငွေများ ပေးအပ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။

 

နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် အင်းစိန်ခရိုင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ဘုရင့်နောင်တိုးချဲ့ပန်းခြံ၌ ကျင်းပသည့် (၆၃)နှစ်မြောက် တောင်သူ လယ်သမား နေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများပြပွဲသို့ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၅ ခုနှစ် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား ကျောင်းသူလေးများက “ကောက်စိုက်ချိန်ခါ ကျေးလက်သဘာဝယိမ်း” ဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးထူးချွန်ဆု၊ မွေးမြူရေးထူးချွန်ဆုနှင့် မြစိမ်းရောင် အသားကဏ္ဍဖော်ဆောင်နိုင်မှု စံပြကျေးရွာ အကောင်း ဆုံးဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ကြသည်။

 

ကြည့်ရှုအားပေး

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

သတင်းစဉ်