နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Ulan-Ude မြို့မှ Irkutsk မြို့သို့ သီးသန့်အထူးရထားခရီးစဉ်ဖြင့် ရောက်ရှိ၊ Irkutsk ပြည်နယ် အစိုးရအဖွဲ့ အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ ၁၁ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် Ulan-Ude မြို့၊ ဘူတာရုံမှတဆင့် Irkutsk မြို့သို့ သီးသန့်အထူးရထားခရီးစဉ်ဖြင့် သွားရောက်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Ulan-Ude မြို့ရှိ Trans-Siberian မီးရထားလမ်းနှင့် Trans-Mongolian မီးရထားလမ်းတစ်လျှောက် အဓိကကျပြီး အရေးပါသည့် ဘူတာရုံတစ်ခုဖြစ်သည့်  Ulan-Ude ဘူတာရုံသို့ ရောက်ရှိကြရာ RZD “Russian Railways” မီးရထား လုပ်ငန်း ၏ RZD International Railways မှ General Director Mr.Sergey Stolyarov နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကာ ဘူတာရုံအတွင်း လိုက်လံရှင်းလင်းပြသကြသည်။ 

 

mdn

 

ထို့နောက် RZD “Russian Railways” ကုမ္ပဏီ၏ လျှပ်စစ်စွမ်းအင်သုံး ခေါင်းတွဲများ၊ ဒီဇယ်ခေါင်းတွဲများ၊ ဓာတ်ငွေ့သုံးခေါင်းတွဲများ၊ ကိုယ်ထည်တွဲများ ထုတ်လုပ်ခြင်း နည်းပညာဆိုင်ရာများ၊ မောင်းနှင်ခုတ်မောင်းမှုဆိုင်ရာ နည်းပညာများ၊ မီးရထားနှင့် ဆက်စပ်သည့် လုပ်ငန်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရုရှားနိုင်ငံ၏ ရထားလမ်းဆိုင်ရာများနှင့် ဥရောပနိုင်ငံများတွင် သွားရောက်၍ ရထားလမ်းဖောက်လုပ်ခြင်း ဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရထားပို့ဆောင်ရေးဆိုင်ရာ နည်းပညာများပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အခြားသိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လာရောက် သတင်းရယူကြသည့်  Republic of Buryatia ပြည်နယ်မှ သတင်းမီဒီယာ များ၏ Buryatia ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး တွေ့မြင်ရသည့်အခြေအနေများ၊ အကြံပြုလိုသည့် အခြေအနေများ၊ ပထဝီနိုင်ငံရေးအရ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းကြောင်းများအပေါ် သဘောထား အမြင်များနှင့် အခြားသိရှိလိုသည့် မေးမြန်းမှုများကို ဖြေကြားခဲ့သည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Ulan-Ude မြို့ ဘူတာရုံမှတဆင့် Irkutsk ပြည်နယ်သို့ သီးသန့်အထူး ရထားခရီးစဉ်ဖြင့် လိုက်ပါခဲ့ပြီး လမ်းကြောင်းတစ်လျှောက်တွင် ရထားအတွင်းပိုင်း အပြင်အဆင်များနှင့် အခန်းများ ဖွဲ့စည်းထားရှိမှုများ၊ မီးရထားလမ်းကြောင်း နည်းပညာ ခေတ်မီဖွံ့ဖြိုး တိုးတက်မှုများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုများ၊ ကမ္ဘာ့အကြီးဆုံး သဘာဝရေချိုကန်ကြီးဖြစ်သည့် Baikal ရေကန်၏ ကမ်းစပ်တစ်လျှောက် အလှအပများအပါအဝင် လမ်းကြောင်းတစ်လျှောက် အလှအပများကို လေ့လာ ကြည့်ရှုခဲ့ကြသည်။

အဆိုပါ RZD “Russian Railways”  ကုမ္ပဏီသည် နိုင်ငံတော်ပိုင် ကုမ္ပဏီတစ်ခု ဖြစ်ပြီး မော်စကိုမြို့၊ Red Gates Squre ၌ ရုံးချုပ်တည်ရှိကြောင်း၊ ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မီးရထားဝန်ဆောင်မှုများကို စီမံခန့်ခွဲပေးလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ထို့ပြင် Joint-stock ကုမ္ပဏီ အမျိုးအစားဖြစ်ပြီး မီးရထားနှင့် သက်ဆိုင်သည့် စက်ရုံများလည်း ရှိကြောင်းသိရှိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် Irkutsk မြို့၊ Passazhirskiy ဘူတာရုံသို့ ရောက်ရှိကြရာ Irkutsk ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲ Mr.Igor Ivanovich Kobzev နှင့် တာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

 

mdn

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Irkutsk ပြည်နယ် အစိုးရအဖွဲ့ အကြီးအကဲ Mr. Igor Ivanovich Kobzevနှင့် Irkutsk ပြည်နယ် အစိုးရ အဖွဲ့ရုံးတွင်  တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော်တို့ တက်ရောက်ကြပြီး Irkutsk ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲနှင့်အတူ Irkutsk ပြည်နယ်ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ နယ်မြေဆိုင်ရာအကြီးအကဲ Ms. Kurbatova Lyudmila Anatolyevna နှင့် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံသည်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ မဟာ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံတစ်ခုဖြစ်သည့် အခြေအနေများနှင့် Irkutsk ပြည်နယ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အလယ်ဗဟိုချက်မဖြစ်ပြီး အရေးပါသည့် ပြည်နယ်တစ်ခုဖြစ်သည့် အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ကုန်ထုတ်လုပ်မှု အကြီးစား စက်ရုံအများအပြားသည် Irkutsk ပြည်နယ်တွင်ရှိပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ပေါင်း ၁၈၀၀၀ ကျော် လည်ပတ်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် Irkutsk ပြည်နယ်တို့အကြား မဟာဗျူဟာမြောက် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အလားအလာ ကောင်းများရှိနေပြီ ဖြစ်သည့် အခြေအနေများ၊ ထို့ပြင် ကျန်းမာရေးဆိုင်ရာကဏ္ဍ၊ ကမ္ဘာလှည့်ခရီးလုပ်ငန်းဆိုင်ရာကဏ္ဍ၊ လူငယ်အချင်းချင်း ရင်းနှီးဆက်ဆံမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် မြေပေါ်မြေအောက် သယံဇာတများနှင့် သဘာဝအလှတရားများ ပြည့်စုံစွာ ရှိသည့်အတွက် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ကျန်းမာရေးကဏ္ဍတွင် ဝန်ကြီးဌာနအချင်းချင်း၊ ဆေးရုံနှင့် ဆေးတက္ကသိုလ်များ အချင်းချင်း ပညာရပ်ပိုင်းဆိုင်ရာ ဖလှယ်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် Irkutsk ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Irkutsk ပြည်နယ်အစိုးရအဖွဲ့ရုံးအနီးရှိ ဒုတိယကမ္ဘာစစ်အတွင်း အသက်စွန့်ခဲ့ကြရသည့် ဆိုဗီယက်ပြည်ထောင်စုမှ စစ်သည်တော်များအား ဂုဏ်ပြုသောအားဖြင့် ထွန်းညှိထားသည့် မငြိမ်းသောမီး (Memorial Eternal Flame) နေရာသို့ ရောက်ရှိကြပြီး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြသည့် စစ်သည်များအား ဂုဏ်ပြုသောအားဖြင့်   ဂုဏ်ပြုပန်းခွေချအလေးပြုကြသည်။

 

mdn

 

ယင်းနောက် ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Irkutsk ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ဦးစွာ ညစာစားပွဲ မစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် Irkutsk ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲတို့က နှုတ်ခွန်းဆက်စကားများ  ပြောကြားရာ၌ ယနေ့ စက်တင်ဘာ ၁၀ ရက်နေ့သည် Irkutsk ပြည်နယ် တည်ထောင်မှု ၈၅ နှစ်ပြည့်မြောက်သည့်နေ့ဖြစ်ပြီး ပြည်နယ်အတွင်း အထိမ်းအမှတ်အခမ်းအနားများကို ကြီးကျယ်ခမ်းနားစွာဖြင့် ကျင်းပလျက်ရှိသည့် အခြေအနေများ၊ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် Irkutsk ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး ခိုင်မာသည့် ဆွေးနွေးမှုရလာဒ်များကို ဆွေးနွေးချမှတ်နိုင်ခဲ့သည့်အခြေအနေများနှင့် ၈၅ နှစ်ပြည့် Irkutsk ပြည်နယ် တည်ထောင်မှုမှသည် နောင်နှစ်ပေါင်းများစွာတိုင်သည်အထိ Irkutsk ဒေသမှ ဒေသခံများအားလုံး နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြည်သူများအားလုံး ကိုယ်စိတ်နှလုံး ချမ်းမြေ့ကြစေရန် မြန်မာနိုင်ငံ အကြီးအကဲအနေဖြင့် ဆုမွန်ကောင်းတောင်းသည့် အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ ပြောကြားခဲ့ကြပြီး ညစာအတူတကွ သုံးဆောင်ကြသည်။ 

 

mdn

 

ညစာသုံးဆောင်နေစဉ်အတွင်း အနုပညာရှင်အဖွဲ့က ရိုးရာတေးသီချင်း၊ အက အလှများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်းနှင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ Irkutsk ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲတို့သည် Irkutsk ပြည်နယ် တည်ထောင်မှု ၈၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုမှုကို ဒေသခံပြည်သူများနှင့်အတူ  သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့်  Irkutsk ပြည်နယ်အစိုးရအဖွဲ့ အကြီးအကဲအား  အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ ဆုမွန်ကောင်းစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်