နေပြည်တော် အောက်တိုဘာ ၂၂

 

ရွှေညောင်-တောင်ကြီး - နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ဘူတာရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

 

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒေသခံ တိုင်းရင်းသားပြည်သူ များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူ များသည် အခမ်းအနားကျင်းပပြုလုပ်မည့် တောင်ကြီးဘူတာသို့ရောက်ရှိကြရာ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူတို့က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရွှေညောင်-တောင်ကြီး- နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် အမှာစကားပြောကြားရာတွင် ယနေ့သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားက ရှမ်းပြည်နယ်အတွင်း အရှည် ၂၁ ဒသမ ၇၂ မိုင် ရှိသည့် ရွှေညောင် - တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ပြီးစီးမှုနှင့်အတူ အရှည် ၁၀ ဒသမ ၇၈ မိုင်ရှိသည့် နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းသစ် ဖွင့်လှစ်သည့် ဖွင့်ပွဲအခမ်းအနား ဖြစ်သဖြင့် ရှမ်းပြည်နယ်မှ ဒေသခံတိုင်းရင်း သား ပြည်သူများအတွက်ရော တစ်နိုင်ငံလုံးမှ မြန်မာပြည်သူများ အားလုံးအတွက်ပါ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ထူးထူးခြားခြား ဂုဏ်ပြုမှတ်တမ်းတင်ရမယ့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မင်္ဂလာနေ့မြတ် အခါသမယတွင် ယခုဖွင့်ပွဲကို တက်ရောက်လာ ကြသူများ၊ ဒေသခံမိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ ကြောင်းနှင့် မြန်မာ့မီးရထား၏ အများပြည်သူသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆတက်ထမ်းပိုး တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းရင်း နှုတ်ခွန်း ဆက်သအပ်ပါကြောင်း။

 

ရထားပို့ဆောင်ရေး လုပ်ငန်းသည် မြန်မာ့သမိုင်း၏ အထင်ကရဇာတ်ကောင်တစ်ဦးဖြစ်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transport)နှင့် ပတ်သက်လာပါက ပထမဦးဆုံးနှင့် ရှေးအကျဆုံး Transport Mode တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ဆိုလျှင် နှစ်ပေါင်း ၁၄၆ နှစ်ကျော် သက်တမ်းရှိခဲ့ပြီဖြစ်သည့်အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်းကို ပိုင်ဆိုင်သည့် နိုင်ငံလည်း ဖြစ်ပါကြောင်း။

 

နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍသည် အလွန်အရေးပါသည့် ကဏ္ဍကြီးတစ်ရပ်ဖြစ်ပါကြောင်း၊ ဒီထက်ပိုပြီး ပြောရမည်ဆိုပါက အခြေခံ လူတန်းစား ပြည်သူအများစုကြီး အားကိုးအားထား အသုံးပြုနေရ သည့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် အခြေခံအကျဆုံး နှင့် အရေးကြီးဆုံးဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း၊ မြန်မာ့မီးရထားအနေဖြင့် ခေတ်စနစ်ပေါင်းများစွာ၊ အခက်အခဲပေါင်း များစွာကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားခဲ့ပြီး ခေါက်ရှာငှက်ပျံသကဲ့သို့ နိမ့်တစ်ခါ မြင့်တစ်လှည့် အောင်မြင်မှု၊ ဆုံးရှုံးမှု များစွာကို ဖြတ်သန်းခဲ့ရသည့်အတွက် ယနေ့အချိန်တွင် အတွေ့အကြုံရင့်ကျက်သည့် ဌာနကြီးတစ်ခုအဖြစ် ရှုမြင်ရမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် စရိတ်စက သက်သက်သာသာဖြင့် ခရီးသည်အများအပြားကို သက်သောင့် သက်သာဖြင့် လိုရာခရီးကို ပို့ဆောင်ပေးနိုင်သကဲ့သို့ ကုန်စည် အမြောက်အမြားကိုလည်း ရထားလမ်းကွန်ရက်ရှိရာ ဒေသအသီးသီး ကို စရိတ်ကျဉ်းကျဉ်းဖြင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်ခြင်းသည် မြန်မာ့မီးရထား၏ ထင်ရှားသည့် အားသာချက် ဖြစ်ပါကြောင်း။

 

ရထားလုပ်ငန်းသည် နိုင်ငံအတွက် မဟာဗျူဟာအရ အရေးကြီးသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ရထားသည် ကားနှင့် နှိုင်းယှဉ်ပါက တူညီသောကုန်စည် ပမာဏနှင့် အကွာအဝေးအတွက် လောင်စာဆီ လေးပုံတစ်ပုံမှ ခြောက်ပုံတစ်ပုံသာ ကုန်ကျသည့်အတွက် လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ပါးသက်သာစေသကဲ့သို့ ခရီးသည်နှင့် ကုန်စည်အမြောက်အမြား သယ်ယူပို့ဆောင်နိုင်သည့်အတွက် ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်နေသည့် မြို့ကြီးများ၌ မဖြစ်မနေ အားထားအသုံးပြုနေရသည့် အားသာချက်ကြောင့် ရထား လုပ်ငန်း ဆက်လက်ရှင်သန်နိုင် ရေးအတွက် နိုင်ငံအစိုးရအသီးသီးက နည်းအမျိုးမျိုးဖြင့် ပံ့ပိုးထောက်ကူပေးထားကြောင်းကိုလည်း လေ့လာတွေ့ရှိ ရပါကြောင်း

 

ထို့ကြောင့် မိမိတို့အစိုးရ တာဝန်ယူပြီးသည့်နောက်တွင် ရထားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်အစိုးရ လက်ထက်မပြီးပြတ်ခဲ့သည့် လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူ များအတွက် လိုအပ်မည့် စီမံကိန်းအသစ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိကိုယ်တိုင် တာဝန် ရှိသူများနှင့် မကြာခဏတွေ့ဆုံပြီး ရထားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ပံ့ပိုးဖြည့်ဆည်း မှာကြားမှုများ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရထားလမ်းများကြံ့ခိုင်ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရာ၌ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာပြီး ရေရှည် အတွက် မျှော်မှန်းစဉ်းစား ဆောင်ရွက်ရန်၊ ပြည်တွင်း အင်ဂျင်နီယာပညာရှင်များကို အဓိက အားထားအသုံးပြုပြီး နည်းပညာများ တိုးတက်လာ အောင်ဆောင်ရွက်ရန်၊ အနာဂတ်တွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်၊ စက်ခေါင်းနှင့် တွဲများတည်ဆောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပြည်ပမှဝယ်ယူမှုကို တဖြည်းဖြည်းလျှော့ချပြီး ပြည်တွင်း၌ ထုတ်လုပ် တည်ဆောက်နိုင်ရန် သုတေသနပြု၊ နည်းပညာများလေ့လာပြီး ကြိုးပမ်းဆောင်ရွက်သွားရန် စသည်များကို မှာကြားထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ရနိုင်သမျှဘဏ္ဍာငွေများကို အသုံးပြုပြီး ရထားလမ်းပိုင်းအလိုက် အဆင့်မြှင့်တင်မွမ်းမံခြင်း၊ ရထားတွဲများ ပြုပြင်ထိန်းသိမ်းခြင်း၊ တွဲသစ်များတည်ဆောက် တပ်ဆင်ခြင်း၊ ဘူတာရုံများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေး လျက်ရှိပါ ကြောင်း၊ ထိုသို့ ဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၏ ရလဒ်အသီးအပွင့်တစ်ခုအဖြစ် ယနေ့ ဒီရထားလမ်းပိုင်းအသစ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း။

 

ယခုအခါ တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်း အတွင်းရှိ နောင်ကားလမ်းခွဲ ဘူတာမှ တစ်ဆင့် ဟိုပုံးမြို့အနီး ပင်းပက် အထိ အရှည် ၁၀ ဒသမ ၇၈ မိုင်ကို အောင်မြင်စွာတိုးချဲ့ဖောက်လုပ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ ရထားလမ်းပိုင်းအသစ် ဖောက်လုပ်ခြင်းနှင့်အတူ လမ်းပိုင်းအတွင်း အဓိကကျသည့် ရွှေညောင်-တောင်ကြီး ရထား လမ်းပိုင်းသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကျိုးရှိစွာအသုံးမပြုနိုင်ပါကြောင်း၊ ထို့ကြောင့် ရထား လမ်းကွေ့နှင့် ဆင်ခြေလျှောများ ပြေပြစ်ပြီး ပိုမိုကြံ့ခိုင်မှုရှိစေရန်၊ ခရီးသည်နှင့် ကုန်စည်များ လုံခြုံ စိတ်ချစွာ ဝန်ချိန်ပြည့် သယ်ယူပို့ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ရထားလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ပြီးစီးခဲ့ခြင်း ဖြစ်ပါကြောင်း။

 

အဆိုပါ လမ်းပိုင်းအဆင့်မြှင့် တင်ခြင်းနှင့် လမ်းပိုင်းအသစ် တည်ဆောက်ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ပြီးချိန်၌ ပင်းပက် သံမဏိစက်ရုံမှ သံရိုင်းကုန်ကြမ်းများကို လိုရာအရောက် သက်သာလွယ်ကူစွာ သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ် သည့်အပြင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိစေခြင်း၊ ဒေသတွင်းမှ ကုန်စည်များကို ရထားဖြင့် ကုန်ကျစရိတ်သက်သာစွာ ပို့ဆောင်နိုင်ခြင်း၊ စက်မှုကုန်ကြမ်းများကို ကုန်ချောထုတ်လုပ်ရာ ဒေသအရောက် လွယ်ကူစွာ ပို့ဆောင်ပေးနိုင်သည့်အတွက် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းကို အသုံးပြုခြင်းအားဖြင့် တောင်တန်း ဒေသ၏ သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ခြင်းနှင့် ဒေသတွင်း လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ကြမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဒီနေ့ဖွင့်လှစ်သည့် ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ - ပင်းပက်လမ်းပိုင်းတွင် တောင်ကြီးဘူတာကို အခြေပြုပြီး တောင်ကြီး- ရွှေညောင်ရထား၊ တောင်ကြီး-ပင်းပက်-ဆိုက်ခေါင် ရထားများကို ခရီးသည်နှင့်ကုန်စည် ရရှိမှုအပေါ် မူတည်ပြီး ပြေးဆွဲ ပေးသွားမည်ဖြစ်သည့်အတွက် ထင်ရှားမြင်သာသည့် အကျိုးရလဒ်ကို လက်တွေ့ခံစားနိုင် ကြတော့မည်ဖြစ်ပါကြောင်း။

 

မြန်မာ့မီးရထားသည် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ခရီးသည်နှင့် ကုန်စည်များကို ဈေးနှုန်း သက်သာစွာနှင့် လုံခြုံချောမွေ့စွာ သယ်ယူပို့ဆောင်ပေးရင်း နိုင်ငံတော်၏ဘက်စုံ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန်၊ တစ်ချိန်တည်း၌ လူ၊ ပစ္စည်း၊ ငွေကြေး စသည့် ရှိရင်းစွဲအရင်းအမြစ်များကို လေလွင့်ဆုံးရှုံးမှု မရှိစေဘဲ အကျိုးရှိထိရောက်စွာ အသုံးချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဈေးကွက် စီးပွားရေးမူဝါဒနှင့်အညီ ယှဉ်ပြိုင် နေရသည့် ယနေ့အချိန်အခါမျိုး၌ စီးပွားရေး ဆန်ဆန်ယှဉ်ပြိုင်နိုင်ပြီး ခရီးသည်နှင့် ကုန်စည်များကို ကုန်ကျစရိတ်သက်သာစွာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြင့် သယ်ယူပို့ဆောင်ပေးနိုင် သည့် လုပ်ငန်းကြီးတစ်ရပ်ဖြစ်လာ စေရေးကိုလည်း မြန်မာ့မီးရထား ဝန်ထမ်းတိုင်းက မျှော်မှန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

ထို့ပြင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သူများ စိတ်ချမ်းမြေ့ အဆင်ပြေရေး၊ မတော်တဆမှုများ လျော့နည်းပပျောက်ရေး၊ ရထား များ အချိန်မှန်ကန်ရေး၊ ရထားလမ်းများ ပိုမိုတောင့်တင်းခိုင်မာရေး၊ ဝင်ငွေတိုးရေးနှင့် သုံးငွေလျော့နည်းရေး၊ စက်ခေါင်းနှင့်တွဲ ချွတ်ယွင်းမှုများ လျော့နည်းကျဆင်းရေး၊ ရထားဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်ရေး စသည့် ရည်မှန်းချက်များကို မြန်မာ့မီးရထားဝန်ထမ်းအဆင့် အားလုံးက တက်ညီလက်ညီ၊ စည်းလုံးညီညွတ်စွာဖြင့် မိမိကိုယ် ပိုင်စီးပွားရေးပမာ ခံယူကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

တောင်ကြီးမြို့သည် ရှမ်းပြည် နယ်၏ မြို့တော်ဖြစ်ပြီး ကုန်သွယ် စီးပွားလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့် အချက်အချာ ဒေသဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်း ရင်းသားပေါင်းစုံလူဦးရေ လေးသိန်းကျော် မှီတင်းနေထိုင်သည့် မြို့တော်ကြီးလည်းဖြစ်ပါကြောင်း၊ တောင်ကြီးဒေသကို ဗဟိုပြုပြီး ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယခုရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းတို့ကို ပြည့်စုံ အောင်မြင်အောင် ကြိုးပမ်းစွမ်းဆောင်ပေးခဲ့ကြသည့် မြန်မာ့မီးရထားမှဝန်ထမ်းများအားလုံးကို ဂုဏ်ယူအသိအမှတ်ပြုပါ ကြောင်းနှင့် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ခုအဖြစ် ရေရှည်ရှင်သန်ရပ်တည်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ကျေပွန်အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် မြန်မာ့မီးရထားဝန်ထမ်းများအားလုံး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်း ပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရွှေညောင်- တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်းအထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြု ပေးအပ်သည်။

 

ယင်းနောက် ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းကို ကောင်စီတွဲဖက်အတွင်းရေးမှူး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကောင်စီအဖွဲ့င်ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထိုသို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ် ဒေသခံတိုင်းရင်းသား ပြည်သူများက ရိုးရာအိုးစည်များ တီးခတ်၍ ရှမ်းရိုးရာအကအလှများဖြင့်လည်းကောင်း၊ ကျောင်းသား ကျောင်းသူများက ဘင်ခရာ တီးဝိုင်း၊ ပန်းဖွားအကအလှများ ဖြင့်လည်းကောင်း ဂုဏ်ပြုတီးမှုတ် ကပြကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ကြီးဘူတာမှ ပင်းပက်ဘူတာသို့ ပြေးဆွဲထွက်ခွာမည့် ရထားစက်ခေါင်းနှင့် တောင်ကြီး ဘူတာမှ ပေါမူဘူတာသို့ ပြေးဆွဲထွက်ခွာမည့် ရထားစက်ခေါင်း တို့အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဒေသခံတိုင်းရင်းသား ရိုးရာအကအလှအဖွဲ့များနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တောင်ကြီး ဘူတာမှ ပင်းပက်ဘူတာသို့ ပြေးဆွဲထွက်ခွာမည့် ရထားတွဲဆိုင်း စတင်ထွက်ခွာမှုအား ကြည့်ရှုအားပေးပြီး ရထား ပေါ်တွင် စီးနင်းလိုက်ပါသွားကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား လက်ဝှေ့ယမ်းပြ နှုတ်ဆက်သည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် ဇနီး ဦးဆောင်သည့်အဖွဲ့ဝင်များ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများသည် တောင်ကြီးဘူတာမှ ပေါမူဘူတာသို့ ပြေးဆွဲထွက်ခွာမည့် ရထားတွဲဆိုင်းပေါ်တွင် အတူတကွ လိုက်ပါစီးနင်းခဲ့ကြပြီး တောင်ကြီးမြို့အား ရထားပေါ်မှ မြင်တွေ့ရသည့် အလှအပများ၊ တောင်ကြား လမ်းများ၊ ရထားလမ်းကြောင်း တစ်လျှောက်မြင်တွေ့ရသည့် သဘာဝရှုခင်းအလှအပများ၊ စိုက်ပျိုးရေးဆောင်ရွက် ထားရှိမှုများ၊ ထီသိမ်ဘူတာအနီး၌ ထည့်သွင်းဖောက်လုပ်ထားသည့် ရထားလမ်းအဝိုင်းပတ်ကို ရှမ်းပြည်နယ်၏ ထင်ရှားသော ဘဝသံသရာရထားလမ်းနှင့် တံတားပုံစံအတိုင်း ထည့်သွင်းတည်ဆောက်ထားရှိမှုများ၊ ရထားလမ်းပိုင်း နေရာအချို့အား ကျောက်သားမြေနံရံများ၊ ကျောက်တောင်များကို ဖြတ်တောက်တူးဖော်၍ ကျောက်တောင်ကြား လမ်းပိုင်းရှည်နေရာများ ခက်ခက်ခဲခဲ ကြိုးပမ်းဖောက်လုပ်ထားရှိမှုများကို ကြည့်ရှုခဲ့ကြပြီး လမ်းကြောင်းတစ်လျှောက်မှ ဒေသခံပြည်သူများ၏ ရင်းရင်းနှီးနှီးနှုတ်ဆက်မှုကို လက်ဝှေ့ယမ်းပြ ပြန်လည်နှုတ်ဆက်သည်။

 

ထိုသို့ စီးနင်းလိုက်ပါစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ဒေသခံတိုင်းရင်းသားများက အိုးစည်ဗုံမောင်းများ တီးမှုတ်၍ ဂါရဝပြု ပြန်လည်နှုတ်ဆက်ကြသည်။ ထို့ပြင် မြန်မာ့ မီးရထားမှ ဝန်ထမ်းများကလည်း ရထားပေါ်တွင် စီးနင်းလိုက်ပါလာ သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံတိုင်းရင်း သားပြည်သူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ် ပြီး စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ရထားတွဲသည် ပေါမူဘူတာသို့ ရောက်ရှိကြပြီး မီးရထားဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ရထားလမ်း ပိုင်း ပြေးဆွဲပေးနိုင်မည့် အခြေ အနေများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

 

မြန်မာ့မီးရထား အနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင်တည်ရှိသည့် ရထားလမ်းကွန်ရက်တစ်လျှောက် ပြည်သူများ ခရီးသွားလာမှုလွယ်ကူ အဆင်ပြေချောမွေ့စေရေးနှင့် ကုန်စည်များအား နေရာဒေသအနှံ့ ပို့ဆောင်နိုင်ရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မူဝါဒနှင့်အညီ စီစဉ်ပြေးဆွဲပို့ဆောင် လျက်ရှိကြောင်း၊ ယနေ့တွင် ဖွင့်လှစ်ခဲ့သည့် ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်း ကိုလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်းအတွင်းရှိ နောင်ကား လမ်းခွဲဘူတာမှ တစ်ဆင့် ပင်းပက်သို့ အရှည် ၁၀ ဒသမ ၇၈ မိုင်ကို တိုးချဲ့ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး လမ်းပိုင်းအတွင်း အဓိကကျသည့် ရွှေညောင်-တောင်ကြီးအကြား ရထားလမ်းပိုင်းကို ရထားလမ်းကွေ့နှင့် ဆင်ခြေလျှောပြေပြစ်ပြီး ပိုမိုကြံ့ခိုင်မှုရှိစေရေးနှင့် ခရီးသည်နှင့် ကုန်စည်များ လုံခြုံစိတ်ချစွာ ဝန်ချိန်ပြည့်သယ်ယူပို့ဆောင်နိုင်ရန် ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေညောင်-တောင်ကြီး-နောင် ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းတွင် ခရီးမိုင် ၄၁ ဒသမ ၁၆ မိုင် တံတားကြီး၊ တံတားငယ် ၁၂၉ စင်းနှင့် ဘလောက်ဘူတာ ကိုးဘူတာ ပါဝင်ကြောင်း၊ ယခုကဲ့သို့ ရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်းနှင့် တိုးချဲ့ဖောက်လုပ်နိုင်ခဲ့သည့်အတွက် မီးရထားလမ်း ကြောင်းမှ ဒေသထွက်ကုန်စည်များကို ကျန်ကျစရိတ်သက်သာစွာ၊ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်ပေးနိုင်မည့် အပြင် သဘာပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်သော ရထားပို့ဆောင်ရေးကို အသုံးပြုခြင်းဖြင့် တောင်တန်းဒေသ ၏ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် ဒေသတွင်း လူမှုစီးပွားဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်