နေပြည်တော် အောက်တိုဘာ ၂၂

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲ ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ခရီးဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ပန်းတင် ကျေးရွာအုပ်စု ဘုရားဖြူရပ်ကွက်ရှိ  ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် (Shan State Buddhist Univer-sity)သို့ သွားရောက်၍ ကမ္ဘာ့ဗုဒ္ဓသာသနာပြု(အောက်စဖို့ဒ်) ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ဖူးမြော်ကြည်ညို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ကို ဦးဆောင်တည်ထောင်သူ (အောက်စဖို့ဒ်) တက္ကသိုလ်၏ Fellow နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ  ဗုဒ္ဓသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဒေါက်တာ ဘဒ္ဒန္တ ဓမ္မ သာမိအား ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး  ဧည့်ပရိသတ်များက (အောက်စဖို့ဒ်) ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊  သံဃာတော်များ  ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က (အောက်စဖို့ဒ်) ဆရာတော်ထံ ပိဋကတ်သုံးပုံအား ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရိုက်နှိပ်ထားသည့် ပိဋကတ်သုံးပုံ ကျမ်းစာအုပ်များ၊ မာရဝိဇယရုပ် ပွားတော်မြတ်ပုံစံတူ ရုပ်ပွားတော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများကို ပေးအပ်လှူဒါန်းရာ ဆရာတော်ကြီးကိုယ်တိုင် ရေးသားပြုစုထားတော်မူသည့် ဓမ္မစာအုပ်များကို ဓမ္မလက်ဆောင်အဖြစ် ပြန်လည် ပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ကောင်စီတွဲဖက် အတွင်းရေးမှူးနှင့် ကောင်စီဝင်များက ဆရာတော်၊ သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်း များကို ပေးအပ်လှူဒါန်းရာ (အောက်စဖို့ဒ်) ဆရာတော်က ဓမ္မလက်ဆောင်စာအုပ်များ ပြန်လည်ချီးမြှင့်သည်။

 

င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များ၊ တက်ရောက်လာ ကြသည့် ဧည့်ပရိသတ် အပေါင်းတို့က (အောက်စဖို့ဒ်) ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို ကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်ပြီး  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဗုဒ္ဓတက္ကသိုလ်အတွင်း မဟော်ဂနီပင်ကို အမှတ်တရ စိုက်ပျိုးပေးရာ သံဃာတော်များက မေတ္တာပို့တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ် ပေးကြသည်။

 

အဆိုပါ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် (Shan State Budd- hist University)ကို ဦးဆောင်တည်ထောင်သူ  ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိကို ၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်နယ် လဲချားမြို့ နောင်ပန်ကျေးရွာတွင် မွေးဖွားခဲ့ပြီး သက်တော် ခြောက်နှစ်၌ လဲချားမြို့ သီရိမင်္ဂလာအုဋ်ကျောင်းဆရာတော်ထံတွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ သက်တော် ၁၉ နှစ်တွင် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များ၊ နိုင်ငံတကာ ဗုဒ္ဓ ဘာသာဆိုင်ရာ တက္ကသိုလ်များတွင် ထူးချွန်ဆုများ အသီးသီးရရှိခဲ့ကာ ၂၀၀၄ ခုနှစ်တွင် Oriental Institute, University of Oxford မှ ပါရဂူဘွဲ့ကို ရရှိခဲ့ကြောင်း၊ ထို့နောက် ကမ္ဘာ့နိုင်ငံအသီးသီးသို့ အလျဉ်းသင့်သလို ကြွရောက်၍ နိုင်ငံတကာ တက္ကသိုလ်များ၊ ကောလိပ်များတွင် သာသနာပြုတာဝန်များကို  ထမ်းဆောင်တော်မူခဲ့ကြောင်း၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်  (Shan State Buddhist University) ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာပညာရေးကဏ္ဍကို ကမ္ဘာ့တက္ကသိုလ်ကြီးများကဲ့သို့ ဗုဒ္ဓဘာသာ အတွေးအခေါ်များ၊ တရားဓမ္မများကို နိုင်ငံတကာအဆင့်မီ သုတေသန ပြုလေ့လာသင်ကြားပို့ချနိုင်သည့် တက္ကသိုလ်ကြီးအဖြစ် ဖြစ်ထွန်း လာစေရေး အားသွန်ခွန်စိုက်ကြိုးပမ်းတော်မူလျက်ရှိကြောင်းနှင့် ဗုဒ္ဓသာသနာတော်ထွန်းကား ပြန့်ပွားရေးဆိုင်ရာ စာပေများကို အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် ရေးသားပြုစုထုတ်ဝေခြင်း၊ ဘာသာပြန်ဆို ခြင်းကိုလည်း လုပ်ဆောင်ကာ ဘာသာသာသနာတော်အကျိုးကို ကြိုးပမ်းအားထုတ် ဖော်ဆောင်တော်မူ လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်