နေပြည်တော် မတ် ၃

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)တို့ လိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒ ဗုဒ္ဓစင်တာသို့ သွားရောက်၍ ဆရာတော်အား ဖူးမြော်ကြည်ညိုသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မော်စကိုမြို့ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ ရောက်ရှိကြပြီး သဒ္ဓမ္မဇောတိက သိမ်တော်အတွင်း၌ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တအစ္ဆရိယအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ သီတင်းသုံးနေထိုင်ရမှုနှင့် သွားလာရေးအခြေအနေများ၊ ထေရဝါဒဗုဒ္ဓစင်တာအတွက် လိုအပ်ချက်များ၊ ရုရှားနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားရေးနှင့် ပတ်သက်၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းလျှောက်ထားပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေး ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များသည် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တရားတော်များ နာယူကြည်ညိုကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့အား နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

 

အဆိုပါ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာအား ရုရှားနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် အပြည်ပြည်ဆိုင်ရာ သာသနာပြုတက္ကသိုလ် ပါမောက္ခမဟာဌာနမှူး ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင် ဆေကိန္ဒတို့၏ ဩဝါဒကိုခံယူ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့အားအမှူးထား၍ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံရုံးနှင့်စစ်သံရုံးမိသားစုများ၊ ရုရှားနိုင်ငံတွင် ပညာတော်သင်ရောက်ရှိလျက် ရှိသည့် သင်တန်းသားမိသားစုများပူးပေါင်း၍ ၂၀၁၃ ခုနှစ်တွင် စတင်စီစဉ်ဆောင်ရွက်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင် ကျောင်းရေစက်ချအခမ်းအနားကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ မြန်မာ့ ထေရဝါဒ ဗုဒ္ဓဝိဟာရ၌ ရဟန်းရှင်လူများ စိတ်အေးချမ်းသာစွာဖြင့် တရားအားထုတ်နိုင်ရန် သီတဂူ ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ ရဟန်းရှင်လူပြည်သူအများ၊ ရုရှားနိုင်ငံရောက် ပညာတော်သင် သင်တန်းသား အရာရှိများ စုပေါင်း၍ တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အလှူရှင်များက ရေစက်ချလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အခါတွင် ရုရှားနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များနှင့် အိမ်နီးချင်းနိုင်ငံများမှ ဗုဒ္ဓဘာသာဝင်များ သာသနာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အလေးထားရသည့် နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်