နေပြည်တော်၊ အောက်တိုဘာ ၂၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လမ်းညွှန်မှာကြားခဲ့သည့် လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍ ထပ်ဆင့်ပြန်လည်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။   

 

အခမ်းအနားသို့စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စက်ရုံ၊ အလုပ်ရုံများမှ စက်ရုံမှူးများ၊ စိုက်ကွင်း၊ စိုက်ခြံတာဝန်ခံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ ဦးစီးမှူးများနှင့် စက်မှု သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများက Virtual ဖြင့် တက်ရောက်သည်။

 

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက စီးပွားရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၃) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားခဲ့သည့် လမ်းညွှန် မှာကြားချက်များကို ထပ်ဆင့်ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များကို စက်မှုဝန်ကြီးဌာနအနေဖြင့် မူဝါဒ၊ လုပ်ငန်းလမ်းညွှန်များအဖြစ် သတ်မှတ်၍ အမြန်ဆုံး အောင်မြင်အောင် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဆိုပါ လမ်းညွှန်ချက်များနှင့်ပတ်သက်၍ ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်မည့် Action Plan များ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်စက်ရုံများအနေဖြင့် ပြည်တွင်းသုံးစွဲမှုဖူလုံစေရေးအတွက် အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ဝင် ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင် စက်ရုံများအနေဖြင့် စက်စွမ်းအားပြည့်လည်ပတ်၍ အကျိုးရှိထိရောက်သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပ‌ဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့် အညီ တက်ရောက်လာသည့်အရာထမ်းများက စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် လက်တွေ့အကောင်အထည်ဖော်ရန် ကိစ္စရပ်များ ရေးဆွဲ၍ လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအမံများကိုလည်းကောင်း၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တက်ရောက်လာသူများက လက်တွေ့အကောင်အထည်ဖော်ရန် ကိစ္စရပ်များအပေါ် ဝိုင်းဝန်းအကြံပြု ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်