နေပြည်တော်၊ ဇွန် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်ရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(သမိုင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း) စက်ရုံအစည်းအဝေးခန်းမ၌ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တပ်မတော်ဝါစိုက်ပျိုးရေး တပ်များက ဝါစိုက်ပျိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တပ်မတော်ဝါစိုက်ပျိုးရေးတပ်များသို့ ရောက်ရှိ စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ စိုက်ပျိုးရာသီအလိုက် လုပ်ငန်းများအဆင့်ဆင့်ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ စက်ရုံမှူး ဦးခိုင်ရွှေက တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း) အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ စက်ရုံသမိုင်းအကျဉ်းနှင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်နေသည့် အခြေအနေများ၊ ဝန်ထမ်းများခန့်အပ်ထားရှိမှုနှင့် ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဝါစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန် စေရေးအတွက် မြေအရည်အသွေးစစ်ဆေးခြင်း သုတေသနလုပ်ငန်းများကို ဦးစွာဆောင်ရွက်ပြီး မြေဆီလွှာအမျိုးအစားအလိုက် စနစ်တကျပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ လိုအပ်သည့် သွင်းအားစုများ အပြည့်အဝထည့်သွင်းရန်နှင့် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပေးရန်လည်း လိုကြောင်း၊ စိုက်ပျိုးသည့်မြေအမျိုးအစားအလိုက် ထွက်ရှိသင့်သည့် အထွက်နှုန်းများကို လေ့လာဆန်းစစ်ရန်နှင့် အထွက်နှုန်းပြည့်မီစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝါစိုက်ပျိုးမှုနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် စံနမူနာပြဖြစ်အောင် ဆောင်ရွက်ကြရန်လိုပြီး A Grade အမျိုးအစားဝါများထွက်ရှိအောင် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ ဝါအမျိုးအစား အများအပြား စိုက်ပျိုးခြင်းထက် တစ်မျိုးတည်းကိုသာစိုက်ပျိုး၍ အရည်အသွေးကောင်းမွန်သည့်ဝါများ ထွက်ရှိလာအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပိတ်စအထည်အလိပ်များ ကောင်းမွန်ရန်အတွက် အခြေခံဖြစ်သည့် ဝါသည်ကောင်းမွန်ရမည်ဖြစ်သဖြင့် ဝါစိုက်ပျိုးမှုမှ အရည်အသွေးမြင့် ဝါများ ထွက်ရှိလာရန်လည်းလိုအပ်ကြောင်း၊ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း) အနေဖြင့် တပ်မတော်မှလိုအပ်သည့် အဝတ်အထည်နှင့် ချည်အသုံးအဆောင် ပစ္စည်းများကို ထုတ်လုပ်ခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှချည်မျှင်နှင့် အထည်အလိပ်များကို တင်သွင်းရလျက်ရှိပြီး ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန်အတွက် ပြည်တွင်းရှိချည်မျှင်နှင့် အထည်စက်ရုံများမှ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ နေ့စဉ်ဝတ်စားဆင်ယင်မှုတွင် အသုံးများသည့် တီရှပ်၊ စွပ်ကျယ်ကဲ့သို့သော အခြေခံအဝတ်အထည်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း။
အဝတ်အထည်များအား အရောင်အသွေးစုံလင်စွာဖြင့် ဈေးကွက်အတွင်း လူကြိုက်များသည့် ပုံစံအမျိုးအစားအလိုက် ထုတ်လုပ်ရောင်းချသွားရန်လိုကြောင်း၊ အခြားဈေးကွက် လိုအပ်ချက်ရှိသည့် ဟိုတယ်သုံးပစ္စည်းများနှင့် ပုဂ္ဂလိကသုံးပစ္စည်းများကိုလည်း အရည်အသွေးပြည့်မီစွာထုတ်လုပ်၍ ဈေးကွက်ရရှိရေး စဉ်းစားဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ လုပ်ငန်းအောင်မြင်တိုးတက်စေရေး အတွက် သုတေသနပြုလုပ်ငန်းများအား ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ချည်မျှင်နှင့်အထည် စက်ရုံများသည် နိုင်ငံအတွက်လွန်စွာအကျိုးရှိသည့် စက်ရုံများဖြစ်သဖြင့် နိုင်ငံ့လိုအပ်ချက်များအား ပြည့်မီစွာ ထုတ်လုပ်၍ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် အဝတ်အထည်များအား အသုံးပြုနိုင်ရေး စနစ်တကျစဉ်းစားသုံးသပ်ဆောင်ရွက်ကြရန် လိုကြောင်းမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ခင်းကျင်းပြသထားသည့် စက်ရုံထုတ်အထည်အလိပ်ပစ္စည်းများကို ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း ချည်မျှင်နှင့်အထည်များ အဆင့်ဆင့်ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်သည်။
အဆိုပါ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း) မှ ချည်မျှင်ညို၊ တက်ထရက်ပိတ်ညို၊ စွပ်ကျယ်ပိတ်ညို၊ ပဝါပိတ်ညို၊ သင်္ကန်းများ၊ တက်ထရက်ပိတ်ရောင်စုံ၊ စွပ်ကျယ်ပိတ်ရောင်စုံ၊ ပဝါရောင်စုံ၊ တီရှပ်မျိုးစုံ၊ စပို့ရှပ်မျိုးစုံ၊ နိုင်လွန်တာဖက်တာများ၊ ဆေးဂွမ်းလိပ်များ၊ အိပ်ယာခင်းရောင်စုံတို့အပြင် အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းအမျိုးမျိုးတို့ကို အရည်အသွေး ပြည့်မီစွာထုတ်လုပ်၍ တပ်မတော်၏ လိုအပ်ချက်နှင့် ပြည်တွင်းဈေးကွက် လိုအပ်ချက်အား ဈေးနှုန်းသက်သာဖြင့် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်






