နေပြည်တော်၊ ဧပြီ ၁၄


မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာအတာသင်္ကြန် အကျနေ့ဖြစ်သည့် ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ပြင်ဦးလွင်တပ်နယ်ရှိ မိသားစုရေသဘင် မဏ္ဍပ်များ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဗိုလ်လောင်းများ၏ ပျော်ရွှင်စွာ ရေသဘင်ပွဲတော် ဆင်နွဲနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် စစ်တက္ကသိုလ်မိသားစု အတာရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြရာ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဗိုလ်လောင်းများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မိသားစုသင်္ကြန် ယိမ်းအကအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ဗိုလ်လောင်းများ၏ တေးသီချင်းများ သီဆိုဖျော်ဖြေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ ဗိုလ်လောင်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေမှုများကို ကြည့်ရှုအားပေးကြသည်။ 

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေကြသည့် ဗိုလ်လောင်းများနှင့် စစ်တက္ကသိုလ်မှ အရာရှိကြီးများကို အတာရေများ ပက်ဖျန်းကြပြီး သီဆိုကပြ ဖျော်ဖြေကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် တပ်မတော်နည်းပညာတက္ကသိုလ်မိသားစု အတာရေသဘင်မဏ္ဍပ်သို့ ရောက်ရှိကြပြီး မိသားစုသင်္ကြန် ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ ဗိုလ်လောင်းများ၏ တေးသီချင်းများ သီဆိုဖျော်ဖြေမှုများနှင့် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနေကြသည့် ဗိုလ်လောင်းများနှင့် နည်းပြအရာရှိကြီးများကို အတာရေများ ပက်ဖြန်းပေးကြပြီး သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည် မိသားစုများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြောင်း သတင်းရရှိသည်။ 

 

သတင်းစဉ်