နေပြည်တော် ဇူလိုင် ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပုသိမ်လေတပ်စခန်းဌာနချုပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ အစည်းအဝေးခန်းမတွင် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်းက လေတပ်စခန်းဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ နယ်မြေဒေသလုံခြုံရေးနှင့် ပိုင်နက်ပင်လယ်ပြင် လုံခြုံရေး ကင်းလှည့်ဆောင်ရွက်နိုင်မှု၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှု၊ စိုက်ပျိုးမွေးမြူရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ ဒေသခံပြည်သူလူထု၏ ကျန်းမာရေး၊ လူမှုရေးနှင့် အခြားလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ပူးပေါင်းဆောင်ရွက်ရမည်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နယ်မြေဒေသနှင့် ပိုင်နက်ပင်လယ်ပြင် စိုးမိုးရေးအတွက် ရေဒါစနစ်ဖြင့် ကင်းထောက်ခြင်း၊ လေကြောင်း၊ ရေကြောင်း ကင်းလှည့်ခြင်းများ ဆောင်ရွက်ပြီး ပိုင်နက်နယ်နိမိတ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့ကို တိုင်းစစ် ဌာနချုပ်နှင့် နယ်မြေခံ ရေတပ်၊ လေတပ်ဌာနချုပ်များက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး အမြဲအသင့် ဖြစ်နေရမည်ဖြစ်ကြောင်း၊ ပင်လယ်ကမ်းစပ်နှင့် မြစ်ဝကျွန်းပေါ် လုံခြုံရေးကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲတမ်း စောင့်ကြည့်နေရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်၍ မွေးမြူရေးနှင့် စိုက်ပျိုးရေး အပြန်အလှန်အခြေခံပြီး အထွက်နှုန်းကောင်းသည့်၊ အကျိုးရှိသည့် စိုက်ပျိုးမွေးမြူရေးဖြစ်အောင် တွက်ချက် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိရေး၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ဖူလုံစွာ စားသုံးနိုင်ရေးအတွက် တပ်ပိုင်စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် လေတပ်ဌာနချုပ် ကာကီကင်း ဘဲမွေးမြူရေးခြံ၊ ဥစားကြက် မွေးမြူရေးခြံ၊ ရာသီ သီးနှံစိုက်ခင်းတို့ကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ပုသိမ် မြို့၊ အမှတ် (၁) ရပ်ကွက်၊ ကမ်းနားလမ်းတွင် မြစ်ကြမ်းခင်းမြေသားစွမ်းအင် မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မျိုးသန့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်တို့က မြစ်ကြမ်းခင်းမြေသားစွမ်းအင် မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပုသိမ်မြို့သို့ ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ထွက်ခဲ့ကြောင်း၊ ရေလမ်းကြောင်းများကို ပြန်လည်ပြုပြင်ထိန်းသိမ်း၍ ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ရောက်နိုင်ရေး ဆောင်ရွက်နိုင်မည်ဆိုပါက ပုသိမ်မြို့သို့ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန် မြန်ဆန်လာမည်ဖြစ်ကြောင်း၊ အလားတူ ငဝန်မြစ်ရေကို ထိန်းသိမ်း၍ စိုက်ပျိုးရေးအတွက် လိုအပ်သည့် နေရာများတွင် အကျိုးရှိစွာဖြင့် အသုံးချရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပျမ်းမျှမိုးရွာသွန်းရက်မှာ ၁၂၀ ကျော်ခန့်သာဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်ရေများရရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ရေချိုများကို စနစ်တကျဖြင့် အသုံးချရန်လိုကြောင်း မှာကြားသည်။
လိုအပ်သည်များ လမ်းညွှန်မှာကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် မြစ်ကြမ်းခင်း မြေသားစွမ်းအင် မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
