နေပြည်တော်၊ အောက်တိုဘာ ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နန်းသီတာ ဘက်စုံစိုက်ပျိုး မွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စိုက်ပျိုးမွေးမြူရေးစခန်း ရှင်းလင်းဆောင်၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများက နန်းသီတာ ဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်းအတွင်း မိုးစပါးစိုက်ပျိုးထားရှိမှု၊ ဥစားကြက်နှင့် အသားစားကြက်များ မွေးမြူထားရှိမှု၊ နို့စားနွားများ မွေးမြူထားရှိမှု၊ ဥစားဘဲများမွေးမြူထားရှိမှု၊ DYL ဝက်များမွေးမြူထားရှိမှု၊ ငါးမွေးမြူရေး ဆောင်ရွက်ထားရှိမှု၊ မြက်ချဉ်ဖက်စမ်းသပ်ထုတ်လုပ်နေမှု၊ ဆိတ်မွေးမြူရေး ဆောင်ရွက်ထားရှိမှု၊ အစာစပ်လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် တပ်ရင်းတပ်ဖွဲ့များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးခြံမှထွက်ရှိသည့် အသား၊ ငါး၊ ဥ နှင့် အသီးအရွက်များကို တပ်မတော်သားမိသားစုများနှင့် ဝန်ထမ်းများကို ပြင်ပပေါက်ဈေး ထက် သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၌ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းများ အကောင်အထည်ဖော် ဆောင်ရွက်စေခြင်းသည် အရာရှိ၊ စစ်သည်များနှင့် တပ်မိသားစုဝင်များ အသားငါးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်ဖြစ်ပြီး ပိုလျှံပါက ဒေသခံများသို့ ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချနိုင်ခြင်းဖြင့် ဒေသ၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်သော ထုတ်လုပ်မှုမျိုး ဖြစ်စေရေး မွေးမြူမှု၊ စိုက်ပျိုးမှု အချိန်ကာလတို့ကို စနစ်တကျ တွက်ချက်ချိန်ညှိ၍ အသုတ်လိုက် မွေးမြူသည့်စနစ်ဖြင့် ထုတ်လုပ်မှုကို ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိုးစပါးများ စိုက်ပျိုးရာတွင် ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့် ၄ ချက်နှင့်အညီ စိုက်ပျိုးဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ နွေစပါးစိုက်ပျိုးမှုများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဥစားဘဲများအား ယခုထက်ပိုမို တိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်အစာများ ရရှိနိုင်ရေး ဒေသတွင်းရရှိနိုင်သည့် ကုန်ကြမ်းများ အသုံးပြုကာ အဆင့်မီ အစာထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း။
နွားနို့နှင့် အသားထွက်နှုန်း ကောင်းမွန်ရေးဆောင်ရွက်ရန်အတွက် အစာစပ်သည့် စနစ်တွင် ပါဝင်ရမည့်ပစ္စည်းများ အချိုးအစားမှန်ကန်ရန်နှင့် ရေပေးဝေမှုစနစ်ကျန ဖူလုံရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ အထွက်နှုန်းတိုးအောင်ဆောင် ရွက်ပြီး မိမိတို့၏ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအားလုံး ပြည့်ပြည့်ဝဝ ဖူလုံစွာ စားသုံးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ငါးမွေးမြူရေးဆောင်ရွက် ရာတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် ငါးမျိုးများကို သုတေသနပြု မွေးမြူဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းစစ်ဌာနချုပ် အစာစက်ရုံကို တိုးချဲ့ဆောင်ရွက် ပြီး ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များ သင်တန်းကျောင်းများမှ မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့် မွေးမြူရေးအစာများကို ဖြန့်ဖြူးပေးနိုင်ရမည် ဖြစ်ကြောင်း။
နန်းသီတာ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းအနေဖြင့် သက်တမ်းရင့် စိုက်ပျိုးမွေး မြူရေးစခန်းဖြစ်ပြီး အတွေ့အကြုံများစွာ ရှိပြီးဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ် ဘက်စုံ စိုက်ပျိုးမွေးမြူရေး စခန်းများသည် စံပြဖြစ်နေရမည်ဖြစ်ပြီး တာဝန်ပေးအပ်ရာတွင်လည်း အမှန်တကယ် အလုပ်လုပ်နိုင်သည့်သူများကိုသာ ရွေးခြယ် တာဝန်ပေးအပ်သွားရန်လို ကြောင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ်များကို တတ်နိုင်သမျှနည်းပါးအောင် ဆောင်ရွက်ပေး နိုင်မည်ဆိုပါက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်မည်ဖြစ်သဖြင့် သက်သာချောင် ချိရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ်အဆင့် စိုက်ပျိုး မွေးမြူရေးစခန်းဖြစ်သဖြင့် မှန်ကန်ကောင်းမွန်သည့် လုပ်ငန်းဆောင်ရွက်မှုစနစ်ရှိ ရမည်ဖြစ်ကာ မြေကိုအကျိုးရှိရှိ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ ရေကိုအကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် စနစ်ကျနသည့် ရေသုံးစွဲမှုစနစ်ရှိရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နန်းသီတာ ဘက်စုံစိုက်ပျိုးမွေးမြူရေး စခန်းအမှတ် (၁) နှင့် (၂) တို့အတွင်း ဝက်၊ ဘဲ၊ နွားနှင့် ဥစားကြက် မွေးမြူထားရှိမှုတို့အပါအဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးရာ တာဝန်ခံများက အသီးသီး ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်