နေပြည်တော်   နိုဝင်ဘာ   ၂၃

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ဦးဆောင်သည့်   ကိုယ်စားလှယ်အဖွဲ့အား  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်  တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး  ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်လေတပ်မှ တပ်မတော်အရာရှိ ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူး Group Captain Jumphol Chantakamma တို့  တက်ရောက်ကြသည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ တပ်မတော်ယဉ်ကျေးမှုအဖွဲ့များနှင့် ချစ်ကြည်ရေး  အားကစား အဖွဲ့များ အပြန်အလှန်စေလွှတ်သွားမည့်  အခြေအနေများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများနှင့် တပ်မတော် သားများ၊ မိသားစုဝင်များ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုကို  ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်    ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်