နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်တပ်နယ်မှ နည်းပြအရာရှိကြီးများ အားတွေ့ဆုံ အမှာစကားပြောကြား
နေပြည်တော် ဒီဇင်ဘာ - ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိကြီးများနှင့် ဆရာ၊ ဆရာမများအား ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော် လေ့ကျင့်ရေးကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ နည်းပြအရာရှိကြီးများနှင့် ဆရာ၊ ဆရာမများတက်ရောက်ကြသည်။
“အစကောင်းမှ အနှောင်းသေချာ” ဆိုသည့်အတိုင်း လေ့ကျင့်ရေး၌ အခြေခံမှစ၍ ကောင်းရန်လို
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် စစ်တက္ကသိုလ်သည် လက်ရုံးရည်နှလုံးရည်နှင့် ပြည့်စုံသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်အတွက်ဖြစ်ကြောင်း၊ “အစကောင်းမှ အနှောင်းသေချာ” ဆိုသည့်အတိုင်း လေ့ကျင့်ရေး၌ အခြေခံအစကတည်းက ကောင်းရန်လိုကြောင်း၊ အဓိကအားဖြင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များကို မွေးထုတ်ပေးခြင်းပင်ဖြစ်သော်လည်း စစ်ဘက်ဆိုင်ရာတစ်ခုတည်းကိုသာ ကျွမ်းကျင်နေ၍မရကြောင်း၊ လိုအပ်သော အသိဉာဏ်၊ ဗဟုသုတနှင့် နှလုံးရည်ပြည့်ဝရန်အတွက် သက်ဆိုင်ရာစာပေပညာရပ်များ ကိုလည်း သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း။
တပ်မတော်တွင် စစ်တက္ကသိုလ်တစ်ခုတည်း ကိုသာမက အခြားတက္ကသိုလ်များနှင့် ဗိုလ်သင်တန်း ကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပြီး တပ်မတော်အရာရှိများကို မွေးထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါသင်တန်းကျောင်းများမှ သင်တန်းဆင်း၍ တာဝန်ထမ်းဆောင်စဉ် လုပ်ငန်းတာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင်ပြီး ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်မှုများအတွက်လည်း ဘွဲ့တံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်မှုများရရှိခဲ့သည့် တပ်မတော်အရာရှိများ များစွာရှိကြောင်း။
စစ်တက္ကသိုလ်တွင် စစ်ပညာများကို တပ်စုမှုးအဆင့်အထိ သင်ကြားပေးလိုက်ပြီး တက္ကသိုလ်ပညာရပ်များကိုလည်း သင်ကြားပေးကြောင်း၊ စစ်ပညာများ လေ့ကျင့်ရေးနှင့် တက္ကသိုလ်ပညာ လေ့ကျင့်ရေးများကို ဆောင်ရွက်ပေးလိုက်ကြောင်း၊ လေ့ကျင့်သား ပြည့်ဝမှသာ အရည်အချင်း ကောင်းမွန်သည့် ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး လုပ်ငန်းတာဝန်နှင့် စစ်မြေပြင်တာဝန်များ ထမ်းဆောင်ရာတွင် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ စစ်မြေပြင်နှင့် လုပ်ငန်းတာဝန် နယ်ပယ်အသီးသီးတွင် မှတ်ကျောက်တင်နိုင်သည့် အရာရှိများမွေးထုတ်ပေးရန်လိုကြောင်း။
စွမ်းရည်ရှိသည့် တပ်မတော်တစ်ရပ်ဖြစ်စေရေး ကြိုတင်မျှော်တွေးပြီး ပြင်ဆင်ဆောင်ရွက်ခဲ့
ခေတ်သစ်စစ်ပွဲများတွင် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ တိုးတက်စေရေးအတွက် စစ်ဘက်နည်းပညာရပ်ဆိုင်ရာများ တိုးတက်ရေး၊ အသုံးအဆောင်ပစ္စည်းများကို ခေတ်နှင့် လျော်ညီမှုရှိစေရေး ဆောင်ရွက်ခဲ့ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်တစ်ရပ် ဖြစ်စေရေး ကြိုတင်မျှော်မှန်းပြီး ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်ရေး ပြည်ပနိုင်ငံများသို့ တပ်မတော်သား အရာရှိများကို စေလွှတ်သင်ကြားစေခဲ့ပြီး လက်ရှိအချိန်တွင်လည်း တက်ရောက်လျက်ရှိကြောင်း၊ ခေတ်မီတပ်မတော် တစ်ရပ်တည်ဆောက်ရေးအတွက်လိုအပ်သည့် လူသား အရင်းအမြစ်များ ရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း။
သင်တန်းများသင်ကြားပို့ချရာတွင် အရေအတွက်ထက် အရည်အချင်းပြည့်မီအောင် မွေးထုတ်ပေးရန် လိုကြောင်း၊ စစ်ဘက်ခေါင်းဆောင်များကို မွေးထုတ်ပေးခြင်းဖြစ်သဖြင့် လေ့ကျင့်ရေးနှင့်ပတ်သက်၍ စတင်ချိန်ကတည်းက စနစ်တကျဖြင့် လေ့ကျင့်ပေးရန် ၄ နှစ်တာကာလသည် စစ်ပညာနှင့် တက္ကသိုလ်ပညာရပ်များသင်ကြားပေးရန်အတွက် လုံလောက်သည့် အချိန်ကာလတစ်ခုဖြစ်ကြောင်း၊ ဗိုလ်လောင်းများအနေဖြင့် သင်တန်းပြီးမြောက်ချိန်တွင် လူငယ်ခေါင်းဆောင်စိတ်ဖြင့် နေထိုင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် လေ့ကျင့်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် ပထမနှစ်မှစတင်၍ အရာရှိကောင်းများဖြစ်အောင် စနစ်တကျဖြင့် လေ့ကျင့်ပေးရန်လိုကြောင်း၊ အသေးအဖွဲ့မှစ၍ ဂရုစိုက်ပြီး စနစ်တကျကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေသာခိုသည့်စိတ်၊ အလွယ်တကူ လုပ်ဆောင်လိုသည့်စိတ်များမရှိအောင် လေ့ကျင့်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက အရည်အချင်းရှိသည့် စစ်ဘက်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
စာပေပညာနှင့်ပတ်သက်၍ ယခင်က သာမန်ဘွဲ့များကိုသာပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် Ph.D ဘွဲ့အထိပေးအပ်ခဲ့ကြောင်း၊ ပြည်ပ၌လည်း သွားရောက်သင်ကြားမှုများရှိကြောင်း၊ နှလုံးရည် ပြည့်ဝစေရေး လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ တပ်မတော်လေ့ကျင့်ရေးကျောင်းများမှ သင်ကြား မွေးထုတ်ပေးလိုက်သူများအနေဖြင့် တပ်မတော်ပိုင်းဆိုင်ရာများကိုသာမက နိုင်ငံတော်အတွက် လိုအပ်သည့်အခြားလုပ်ငန်းတာဝန်များကိုလည်း ကျေပွန်စွာဖြင့် ထမ်းဆောင်နိုင်ကြောင်း၊ စစ်ဘက်ခေါင်းဆောင်များအနေဖြင့် နှလုံးရည်ဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်အတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
စာပေဖတ်ရှုခြင်းဖြင့် နှလုံးရည်ပြည့်ဝသော ခေါင်းဆောင်များဖြစ်စေမည်
စာပေဖတ်ရှုခြင်းသည် ဘဝတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသဖြင့် စာပေကို အမြဲမပြတ်ဖတ်ရှု လေ့လာနေရန်လိုကြောင်း၊ တက္ကသိုလ်ပညာရပ်သည် စာပေပညာရပ်ကို သာမက အတွေးအခေါ်ပညာရပ်များကို သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအား သင်ကြားပေးရာတွင် တူညီသည့် အမြင်မျာ ရှိစေရေး၊ အခြေခံကျကျတွေးခေါ်တတ်သည့် အလေ့အကျင့် ကောင်းများရှိစေရေး လေ့ကျင့်ပေးရန်လိုကြောင်း။
ကျန်းမာကြံ့ခိုင်စေရန်အတွက် ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုများကို ဆောင်ရွက်ပေးရကြောင်း၊ ကိုယ်ခံစွမ်းအားများရှိစေရေး လိုအပ်သည့် ကယ်လိုရီများရရှိအောင် စနစ်တကျဖြင့် တွက်ချက်၍ စီမံဆောင်ရွက်ပေးထားသဖြင့် အပြည့်အဝ စားသုံးရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်သူများဖြစ်စေရေး အစားအသောက်နှင့် ပတ်သက်၍ အပြည့်အဝ ကျွေးမွေးရန်လိုကြောင်း၊ ခေါင်းဆောင်လုပ်မည့်သူများအနေဖြင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာများ ပြည့်ဝနေရန်လိုကြောင်း၊ အသောက်အစား အပျော်အပါးများကို တတ်နိုင်သမျှဆင်ခြင်ရန်နှင့် ကိုယ့်စိတ်ကို အလိုမလိုက်ရန် လိုကြောင်း၊ အရက်သေစာများကို အလွန်အကျွံ သောက်စားခြင်းများသည် ကျန်းမာရေးကို ထိခိုက် စေနိုင်ကြောင်း၊ မူးယစ်သောက်စားမှုများကြောင့် မလိုလားအပ်သည့် ဖြစ်စဉ်များဖြစ်ပေါ်ပြီး လူမှုရေးကိစ္စရပ်များကိုပါ ထိခိုက်စေနိုင်သဖြင့် အသောက်အစားနှင့်ပတ်သက်၍ မိမိကိုယ်တိုင် အသိတရားဖြင့် ထိန်းသိမ်းရန် လိုအပ်သကဲ့သို့ မိမိလက်အောက်ရှိ သင်တန်းသားများကိုလည်း ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ အသောက်အစားနှင့် ပတ်သက်၍ အလေထား ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း။
အစားအသောက်နှင့်ပတ်သက်၍ အာဟာရပြည့်ဝသည့် အစားအသောက်များကို စားသုံးရန်လိုကြောင်း၊ အသက်အရွယ်နှင့် သင့်တင့်လျောက်ပတ်သည့် ကိုယ်ဟန်အနေအထား ရှိရန်လိုကြောင်း၊ ထို့ကြောင့် သင်တန်းသားများကိုလေ့ကျင့်ပေးရာတွင် စားသောက်နေထိုင်မှုမှတစ်ဆင့် အခြေခံမှစ၍ စနစ်တကျ လေ့ကျင့်ပေးရန်လိုကြောင်း၊ သို့မှသာ သင်တန်းသများအနေဖြင့် သင့်တင့်လျောက်ပတ်သည့် ကြံ့ခိုင်မှုများရရှိမည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့် အကျင့်များကို ဗိုလ်လောင်းဘဝမှစတင်၍ လေ့ကျင့်ပေးရန် လိုသကဲ့သို့ နည်းပြများကိုယ်တိုင်က စံပြဖြစ်နေရန်လိုကြောင်း။
လေ့ကျင့်သားပြည့်ဝခြင်းဖြင့် နိုင်ငံတော်နှင့်တပ်မတော်က အားထားရသည့် စစ်ဘက်ခေါင်းဆောင်များဖြစ်စေမည်
လေ့ကျင့်ရေးပိုင်းတွင် သေချာစွာဆောင်ရွက်ပေးရန်လိုကြောင်း၊ လေ့ကျင့်ရေးပိုင်းဆိုင်ရာများကို စနစ်တကျ လေ့ကျင့်ပေးမှသာ စစ်မြေပြင်တွင် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများကျင်းပရာတွင် စဉ်းစားဉာဏ်ဖြင့် ခွန်အားစိုက်ထုတ်၍ စနစ်တကျဆောင်ရွက်တတ်သည့် အကျင့်ကောင်းများရရှိအောင် လေ့ကျင့်ပေးရမည် ဖြစ်ကြောင်း၊ စစ်ခေါင်းဆောင်များသည် စဉ်းစားဆင်ခြင်တုံတရားနှင့် သတ္တိရှိရှိဖြင့် ဆောင်ရွက်နိုင်ရေး စစ်တက္ကသိုလ်မှ မွေးထုတ်ပေးနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လေ့ကျင့်ခြင်းများ ဆောင်ရွက်ပေးရာတွင် သင်တန်းသားများအား အဆိုပါစိတ်ဓာတ်များ အခြေခံမှစတင်၍ မွေးမြူပေးနိုင်ရေး လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ လေ့ကျင့်သားပြည့်ဝစွာဖြင့် လေ့ကျင့်ဆောင်ရွက်ပေးခြင်းဖြင့် တပ်မတော်အတွက် အားထားရသည့် စစ်ဘက်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်သဖြင့် လက်ရုံးရည်၊ နှလုံးရည်နှင့် စဉ်းစားဆုံးဖြတ်နိုင်သည့် ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်ရေး စနစ်တကျဖြင့် အလေးထားလေ့ကျင့် ဆောင်ရွက်ပေးသွားရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်းသတင်း ရရှိသည်။
သတင်းစဉ်