နေပြည်တော် ဖေဖော်ဝါရီ ၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ်တို့ပူး ပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား၊ အမျိုးသမီး) (5 on 5)ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ယနေ့ ဘတ်စကက်ဘော(အမျိုးသမီး၊ အမျိုးသား) (5 on 5)ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များ အဖြစ်(အမျိုးသမီး)ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီး အသင်းကို ယှဉ်ပြိုင်အနိုင်ရရှိပြီး (အမျိုးသား)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ယှဉ်ပြိုင်အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အသင်းလိုက် (5 on 5)ပြိုင်ပွဲ တွင် (အမျိုးသား)အကောင်းဆုံး အားကစားသမားဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးမှ ယောလှ နှင့် (အမျိုးသမီး)အကောင်းဆုံး အားကစားသမားဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးမှ မြနှင်းမှုံ တို့ကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဂုဏ်ပြုချီးမြှင့်ငွေ (၁)သိန်း ကျပ်စီကိုလည်းကောင်း၊ (အမျိုးသမီး)အသင်းလိုက် (3 on 3) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းတို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ (အမျိုးသား)အသင်းလိုက် (3 on 3)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့် ငွေများကိုလည်းကောင်း၊ (အမျိုးသမီး) အသင်းလိုက် (5 on 5)ပြိုင်ပွဲတွင် ပူးတွဲ တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းကိုလည်းကောင်း၊ (အမျိုးသား) အသင်းလိုက် (5 on 5) ပြိုင်ပွဲတွင် ပူးတွဲတတိယ ဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ဦးကိုကိုလှိုင်တို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်းကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် (အမျိုးသမီး) အသင်းလိုက်(5 on 5) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မကွေး တိုင်းဒေသကြီးအသင်းနှင့် (အမျိုးသား)အသင်းလိုက် (5 on 5) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်း တို့က တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့် ငွေကျပ်(၁၅)သိန်းကိုလည်းကောင်း၊ (အမျိုးသမီး) အသင်းလိုက်(5 on 5) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် (အမျိုးသား) အသင်းလိုက် (5 on 5)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် နှင့် ဒေါက်တာဘရွှေ တို့က တစ်ဦးချင်း ဆုတံဆိပ်နှင့်ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၂၀)ကို လည်းကောင်း၊ (အမျိုးသမီး) အသင်း လိုက်(3 on 3) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် (အမျိုးသား)အသင်းလိုက် (3 on 3) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် မန်းငြိမ်းမောင်တို့က တံခွန်စိုက် ဆုဖလားကိုလည်းကောင်း၊ (အမျိုးသမီး)အသင်းလိုက်(5 on 5)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် (အမျိုးသား)အသင်းလိုက်(5 on 5)ပြိုင်ပွဲတွင် ပထမ ဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း နှင့် ဒေါ်ဒွဲဘူ တို့က တံခွန်စိုက်ဆုဖလားကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဘတ်စကက်ဘော အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ဘတ်စကက်ဘော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘော အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက် အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင် အမျိုးသားအသင်း (၁၂)သင်းနှင့် အမျိုးသမီးအသင်း(၁၁)သင်းတို့မှ အားကစားသမားစုစုပေါင်း ၃၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


