နေပြည်တော် ဇွန် ၇
“နိုင်ငံတော်၏အကျိုးစီးပွားအတွက် ဝန်ထမ်းအဖွဲ့အစည်းများ၏ ပြည်သူ့ဝန်ဆောင်မှုအခန်းကဏ္ဍ အရေးပါမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေ ၃နာရီခွဲတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ရုံးအမှတ်(၁၇)ရှိ စုပေါင်းခန်းမတွင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌကဆွေးနွေးခဲ့သည့် အကြောင်းအရာများသည် မိမိတို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အတွက်သာမက ဝန်ထမ်းအားလုံးအတွက် ထိရောက်အကျိုးရှိစေကြောင်း၊ ထုတ်ဖော်ဆွေးနွေး နိုင်ခဲ့သည့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဌာနအကြီးအကဲများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း အတွေးသစ်၊ အမြင်သစ်များဖလှယ်၍ နိုင်ငံတော် အကျိုး၊ ပြည်သူ့အကျိုးကို ထိရောက်အကျိုးရှိစွာ ဆောင်ရွက်သွားကြရန်နှင့် အလုပ်ရုံဆွေးနွေးပွဲက ရရှိသည့် ရလဒ်ကောင်းတွေ ပေါ်မူတည်ပြီး လိုက်ပါဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး တစ်ဖက် တစ်လမ်းမှ အားဖြည့်ပေးခြင်းဖြင့် ဝန်ထမ်းထုတစ်ရပ်လုံးအတွက် ကောင်းမွန်စနစ်ကျသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း မှာကြားသည်။
အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဝန်ထမ်းများတက်ရောက်ပြီး သတ်မှတ် ခေါင်းစဉ်များအလိုက် ဆွေးနွေးမှုများပြုလုပ်ခြင်း၊ အုပ်စုအလိုက်ခွဲ၍ ဆွေးနွေးခြင်း၊ ဆွေးနွေးမှုရလဒ်များကို ပြန်လည်တင်ပြခြင်း၊ ရလဒ်များသုံးသပ်ဖော်ထုတ်ခြင်း၊ အကဲဖြတ်အဖွဲ့ဝင်များအား ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်း၊ အကောင်းဆုံးဆွေးနွေးတင်ပြသူများ၊ အကောင်းဆုံးပါ ဝင်ဆွေးနွေးသူများနှင့် အကောင်းဆုံး အုပ်စုအလိုက် ဆွေးနွေးတင်ပြသည့် အုပ်စုကို ဆုများ ပေးအပ်ချီးမြှင့်တို့ ဆောင်ရွက်ကြသည်။
“နိုင်ငံတော်၏အကျိုးစီးပွားအတွက် ဝန်ထမ်းအဖွဲ့အစည်းများ၏ ပြည်သူ့ဝန်ဆောင်မှုအခန်းကဏ္ဍ အရေးပါမှု ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ”ကို ၂၀၂၄ ခုနှစ် ဇွန် ၅ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ပထမနေ့တွင် “ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ဝန်ထမ်းအင်အားစုဖွဲ့မှု ခိုင်မာအား ကောင်းစေရန် ဆောင်ရွက်ခြင်း” “အရည်အချင်းပြည့်မီ၍ စွမ်းဆောင်ရည်ရှိသည့် နိုင်ငံ့ဝန်ထမ်းများရွေး ချယ်ခန့်ထားခြင်း” ခေါင်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယနေ့တွင် “နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒ၊ လုပ်ထုံး လုပ်နည်းများ ခိုင်မာအားကောင်းစေရန်ဆောင်ရွက်ခြင်း”၊ “ဒီဂျစ်တယ်စနစ်ကိုအခြေခံ၍ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း” ခေါင်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ (၃) ရက်တာကာလအတွင်း ဦးဆောင်ဆွေးနွေးသူများက ခေါင်းစဉ်အလိုက် အချိန်ကိုက်ကွပ်ကဲဆောင်ရွက်နိုင်ခြင်း၊ တင်ပြဆွေးနွေးသူများကလည်း ပေးထားသည့် ခေါင်းစဉ်အလိုက် ရှုထောင့်အမြင်အမျိုး မျိုးဖြင့်ဆွေးနွေးတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)