နေပြည်တော် နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မြို့နယ်အချို့တွင် အောက်တိုဘာလ ၂၇ ရက်မှစ၍ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ရှေ့တန်းစစ်မျက်နှာ အသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံလျက် ရှိကြသည်။
ထိုသို့ အားပေးထောက်ခံလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ လူငယ်ဘောလုံးကွင်း၌ ပြည်ထောင်စု နယ်မြေ(၈) မြို့နယ်မှ ပြည်သူ လူထုအင်အား(၂၂၀၀)ခန့်သည် တိုင်းပြည်အလုံးစုံပျက်စီးရေး ဆောင်ရွက်နေကြသည့် KIA ၊ AA ၊ MNDAA ၊ TNLA ၊ BPLA နှင့် PDF အမည်ခံအကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချကြပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများအား ထောက်ခံအားပေးပွဲကို ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ကြသည်။
ထို့ပြင် နိုဝင်ဘာလ ၈ ရက်နှင့် နိုဝင်ဘာလ ၁၀ ရက်တို့တွင်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းနှင့် မန္တလေးမြို့ပေါ်ရှိ လမ်းများ၊ မန္တလေးမြို့အဝင် အဝိုင်းထိပ်၊ မန္တလေးကျုံးဘေးနှင့် ဧရာဝတီရတနာပုံတံတားတို့တွင် အေးချမ်းစွာနေထိုင်လိုကြသည့် ပြည်သူများက အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအား အလိုမရှိကြောင်း ရှုတ်ချကြပြီး ရှေ့တန်းရောက် တပ်မတော်သားများအား ထောက်ခံအားပေးမှုကို ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ပွဲများ ကျင်းပခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်