မကွေး ၂၅ နိုဝင်ဘာ
ကပ်ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်က ထောက်ပံ့ပေးနေသည့် ငွေများကို အခြေခံလူတန်းစားအားလုံးထံ ပေးဝေနိုင်ခြင်းမရှိဘဲ အားလုံးရစေရန် မျှဝေပေးနေသည့် အခြေအနေများ ရှိကြောင်း မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ထံက သိရသည်။
" ထောက်ပံ့ကြေးကိစ္စ အထက်ကလည်း (၄) သောင်းတွေ၊ (၂) သောင်းတွေ အားလုံးရမယ့်ပုံစံပြောတယ်။ ပြည်သူက ကျတော့လည်း ဒီကိန်းဂဏန်းကို ဆုပ်ကိုင်ပြီးတော့ တောင်းဆိုနေကြတာတွေရှိတယ်။ တကယ်တန်းကျတော့ ဆင်းရဲသားအားလုံးအတွက် ငွေက ရလာတာ မဟုတ်ဘူး။ မြေပြင်မှာ (၆၀) ရာခိုင်နှုန်းရှိရင် တကယ်ရတာက (၅၀) ရာခိုင်နှုန်းလောက်ပဲရတာ။ တကယ်သာ (၂)သောင်းအပြည့်ပေးရင် (၁၀) ရာခိုင်နှုန်းလောက်က ဇီးရိုး ဖြစ်သွားနိုင်တယ်။ တစ်ချို့က အပြည့်ပေးလိုက်တော့ (၁၀) ရာခိုင်နှုန်းလောက်က လုံးလုံး မရတော့ဘူး။ မျှပေးလိုက်ပြန်တော့လည်း လူတိုင်းတော့ရတယ်။ (၂) သောင်း အပြည့်မရဘူးဖြစ်သွားတယ်။ ဒါမျိုးတွေရှိ ပါတယ်”ဟု မကွေးမြို့နယ်အုပ် ချုပ်ရေးမှူး ဦးသက်လွင် က ပြောသည်။
ထောက်ပံ့ကြေးပေးသည့်အခါတွင် အမှန်တကယ်လိုအပ်မှုရှိနေသည့် အခြေခံလူတန်းစားများသာမက မသန်စွမ်းများပင် မပါရှိဘဲ ကျန်ရှိနေကြောင်း သရက် လေးပင်ကျေးရွာနေ ဒေါ်ယုယုဆွေက ပြောသည်။
“ တစ်အိမ်ထောင် (၂) သောင်းစီဝေမယ်။ မဝေခင် ထောက်ပံ့ကြေးပေးမယ့် လူစာရင်းတွေကို အုပ်ချုပ်ရေးမှူးရုံးမှာ ကပ်ပေးထားရမယ်။ အဲဒီလူစာရင်းကို ရွာကလူတွေကြည့်ပြီး ဒီလူပါသင့်တယ်၊ မပါသင့်ဘူး၊ အဲဒီလိုစိစစ်ပြီးတော့မှ ပြင်ဆင်အတည်ပြုပေးရမယ်ဆိုပြီး ဒီလိုသိထားတာ။ အဲဒီလို မလုပ်ကြဘူး ” ဟု သရက်လေးပင်ကျေးရွာနေ ကို အောင်ကိုမင်း က ပြောသည်။
ထောက်ပံ့ကြေးပေးဝေရေးကိစ္စကို တစ်ဦးတည်းသဘောဆန္ဒနှင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်နှင့် ပြုလုပ်ရကြောင်း သရက်လေးပင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က ပြောသည်။
မကွေးမြို့တွင် ထောက်ပံ့ကြေးဆိုင်ရာ အလွဲသုံးစားမှုများရှိနေသည်ဟုဆိုကာ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်အချို့ကို တရားစွဲဆိုမှုများရှိနေပြီး အုပ်ချုပ်ရေးတာဝန်ရှိသူများ အနေဖြင့်လည်း အခြေခံ လူတန်းစားအားလုံး ထောက်ပံ့ကြေးရစေရန် ခွဲဝေပေးနေရသည့် ဖြစ်စဉ်များရှိကြောင်း သိရသည်။
ဇေယျတု( မကွေး)


