နေပြည်တော်၊ နိုဝင်ဘာ ၁၄
နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည့်အပြင် ဒံပေါက်ဘူးများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့ လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း စေတနာရှင် အလှူရှင် ပြည်သူများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဒံပေါက်ဘူးများကို ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှ တစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံ ပို့ဆောင်ပေးကြသည်။
စေတနာရှင် ပြည်သူများ လှူဒါန်းသည့် ဒံပေါက်ဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများက ရေးသားပေးပို့ သည့် “တပ်မတော်သားများ တိုက်ပွဲတိုင်း အောင်မြင်ပါစေကြောင်း၊ အန္တရာယ်ရန်စွယ်တွေ ကို ကျော်လွှားနိုင်ပါစေကြောင်း၊ အမျိုးဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်သားများ ကျန်းမာပါစေကြောင်း” စသည့် ဆုတောင်း မေတ္တာစာလွှာများ ပါရှိကြောင်း သိရှိရသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက လုံခြုံရေးတပ်ဖွဲ့ ဝင်များအတွက် ငါးနီတူခြောက်ကြော် အထုပ် ၆၅၇၀၊ ငါးပိကြော် အထုပ် ၅၄၅၀ နှင့် ငံပြာရည်ကြော် အထုပ် ၄၀၀ တို့ကို ပေးအပ်လှူဒါန်းကြရာ အဆိုပါအကြော် အလှော်ထုပ်များကို ပုသိမ်မြို့မှ တစ်ဆင့် လားရှိုးမြို့သို့ တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ပေးပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်