ဟနွိုင်း ၁၂ မေ
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ယနေ့နံနက်ပိုင်း တွင် ဟနမ်ပြည်နယ် Tam Chuc International Buddhist Convention Center ၌ ကျင်းပသည့် (၁၆)ကြိမ်မြောက်ကုလသမဂ္ဂဗုဒ္ဓနေ့ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် အခမ်းအနား ကျင်းပ မည့်နေရာသို့ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် ရောက်ရှိကြပြီး ဗုဒ္ဓရုပ်ပွား တော်အား ရေသပ္ပာယ်ကြသည်။
ယင်းနောက် (၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ရတနာမြတ်သုံးပါးကို ပါဠိဘာသာဖြင့် ရွတ်ဖတ်ရှိခိုးပူဇော်ကြသည်။
ထို့နောက် ဗီယက်နမ် အမျိုးသားဗုဒ္ဓသံဃအဖွဲ့ ဗဟိုနာယက HH. Most Ven. Dr. Thich Tri Quang ၏သဝဏ်လွှာကိုဖတ်ကြားပြီး ဗီယက်နမ်အမျိုးသား ဗုဒ္ဓသံဃအဖွဲ့ဥက္ကဋ္ဌ Most Ven. Dr. Thich Thien Nhon က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် H.E. Mr. Antonio Guterres ၏ သဝဏ်လွှာ မှတ်တမ်းဗွီဒီယိုကို ပြသသည်။
ဆက်လက်၍ Most Ven. Prof. Dr. Phra Brahmapundit နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုတို့က ကုလသမဂ္ဂဗုဒ္ဓနေ့ဆိုင်ရာ မိန့်ခွန်းများ ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သော ထူးမြတ်လှသည့် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားကို ယခုလို တက်ရောက်ခွင့်ရရှိသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဟနမ်ပြည်နယ်တွင် ကျင်းပသည့် (၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနား သို့ တက်ရောက်ရန် မိမိအားဖိတ်ကြားခဲ့သည့်အတွက် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ အစိုးရနှင့် ဗီယက်နမ် အမျိုးသားဗုဒ္ဓသံဃအဖွဲ့အား ကျေးဇူး အထူးပင်တင်ရှိပါကြောင်း။
ယနေ့ မိမိတို့အားလုံး နှစ်စဉ်ဂုဏ်ပြုကျင်းပသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခြင်းသည် ချစ်ခြင်းမေတ္တာတရားကို ပွားများခြင်းမှ တစ်ဆင့် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ဖန်တီးဖော် ဆောင်နိုင်ရန် မိမိတို့ စုပေါင်းအင်အားနှင့် ကြိုးပမ်းမည်ဆိုသည့် ကတိကဝတ်ကို ထင်ဟပ်ပြသနေခြင်း ဖြစ်ပါကြောင်း။
လွန်ခဲ့သည့်နှစ်ပေါင်း (၂၆၀ဝ)ကျော်က သဗ္ဗညုတဉာဏ် ရရှိတော်မူခဲ့သည့် ဂေါတမဗုဒ္ဓ၏ ဖွားမြင်ခြင်း၊ သဗ္ဗညုတဉာဏ်တော်ရရှိခြင်းနှင့် မဟာပရိနိဗ္ဗာန် စံဝင် ခြင်းတို့ ဖြစ်ပေါ်ခဲ့သည့် နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့ကို တစ်ကမ္ဘာလုံးတွင် ရှိကြသည့် ဗုဒ္ဓဘာသာဝင်များမှ ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြပါကြောင်း၊ ၁၉၉၉ ခုနှစ်တွင် အထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် ၅၄/ ၁၁၅ ဖြင့် ကုလ သမဂ္ဂအဖွဲ့ကြီးက ကုလသမဂ္ဂဗုဒ္ဓနေ့အဖြစ် အသိအမှတ်ပြုအောင် စွမ်းဆောင်နိုင်ခဲ့ သည့် သီရိလင်္ကာနိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာ Lakshman Kadigamar ၏ ကြိုးပမ်းမှုများကိုလည်း ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ ပထမဆုံးအကြိမ် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားကို ၂၀ဝ၀ ပြည့်နှစ်တွင် နယူးယောက်တွင်ရှိသည့် ကုလသမဂ္ဂရုံးချုပ်၌ စတင်ကျင်းပခဲ့ပြီး နောက်ပိုင်း ဗုဒ္ဓနေ့ အခမ်းအနားများကို နှစ်စဉ် နှစ်တိုင်း ကျင်းပလျက်ရှိနေပါကြောင်း၊ ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပခြင်းဖြင့် ဗုဒ္ဓသာသနာကို ထိန်းသိမ်းစောင့်ရှောက်နေကြသည့် ဗီယက်နမ်၊ ထိုင်း၊ သီရိလင်္ကာနိုင်ငံတို့မှ အစိုးရနှင့်ပြည်သူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း ကို အခွင့်အခါကြုံခိုက် ပြောကြားလိုပါကြောင်း။
ယနေ့ မိမိတို့ နေထိုင်ရာ ကမ္ဘာကြီးတွင် အကြမ်းဖက်မှုများနှင့် အနိဋ္ဌာရုံများ များပြားလာသည့် အချိန်မျိုးတွင် ဗုဒ္ဓ၏အဆုံးအမများဖြစ်သည့် ချစ်ခြင်းမေတ္တာကို လက်ကိုင်ထားပြီး ငြိမ်းချမ်းစွာနှင့် သဟဇာတမျှတစွာ နေထိုင်နိုင်ရေးကို ဦးတည် သည့် ဗုဒ္ဓနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခြင်းသည် ဆီလျော်မှန်ကန်မှုရှိပြီး ခေတ်ကာလ အနေအထားအရ ပို၍ပင် လိုအပ်လာသည်ဟု ဆိုရမည်ဖြစ်ပါကြောင်း။
နှစ်စဉ်ကျင်းပသည့် ဗုဒ္ဓနေ့ အခမ်းအနားများမှတစ်ဆင့် မတူကွဲပြားသည့် ယဉ်ကျေးမှု၊ ဘာသာတရားနှင့် လူမှုအဖွဲ့အစည်းများတွင်ရှိသည့် ပြည်သူများအကြား အပြန်အလှန်နားလည်မှုကို မြှင့်တင်ရေးနှင့် ငြိမ်းချမ်းမှုကို မြတ်နိုးသည့် ယဉ်ကျေးမှု စိတ်ဓာတ်အခြေခံကို ပြန်လည်နှိုးဆွ ဖန်တီးပေးနိုင်ရေးအတွက် မိမိတို့၏ စုပေါင်း အားထုတ်မှုများအပေါ် အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ပါကြောင်း။
ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံကို အေဒီ (၂)ရာစု ပျူခေတ်မှစတင်ပြီး ရောက် ရှိနေခဲ့သည်ကို သမိုင်းမှတ်တမ်းများက ဖော်ပြလျက်ရှိပါကြောင်း၊ အေဒီ(၄)ရာစုနှင့် (၉) ရာစုအကြားတွင် စေတီပုထိုး စသည့်ဗုဒ္ဓသာသနိက အဆောက်အအုံများ မြန်မာ နိုင်ငံတွင် တည်ထားခဲ့ကြသလို အေဒီ(၁၁)ရာစု ပုဂံခေတ်ကို ရောက်လာသည့်အခါ ထေရဝါဒဗုဒ္ဓဘာသာ စည်ပင်ထွန်းကား တိုးတက်လာခဲ့ပါကြောင်း၊ ယင်းကာလမှစ၍ ကုန်းဘောင်ခေတ်အထိ (အေဒီ (၁၁) ရာစုမှ (၁၈) ရာစု နှောင်းပိုင်းအထိ) မြန်မာ နိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာသည် တိုင်းပြည်အုပ်ချုပ်သူ မင်းများနှင့် ပြည်သူပြည် သားတို့၏ အားပေးကူညီ ပံ့ပိုးမှုနှင့်အတူ ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းသံဃာတော် များက သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြပါကြောင်း။
ယခုလို အခါအခွင့် ကြုံကြိုက်စဉ် ဗုဒ္ဓသာသနာနှင့် ဗုဒ္ဓ၏မွန်မြတ်သည့် တရား တော်များ ထွန်းကားပြန့်ပွားရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို လည်း ဖော်ပြလိုပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်)၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)နှင့် အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ဟူ၍ ဗုဒ္ဓဘာသာတက္ကသိုလ် (၃)ခုကို ထူထောင် ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါတက္ကသိုလ်များ၏ အဓိကမူဝါဒများမှာ အကျင့်သိက္ခာမြင့်မားသော၊ ထေရဝါဒ ပိဋကတ် ကျမ်းဂန်နှံ့စပ်သော၊ ပါဠိဘာသာ စကားတည်ဆောက်မှုနှင့် သဒ္ဒါစည်းကမ်းတို့ကို တတ်မြောက်ကျွမ်းကျင်သော၊ မြန်မာ စာပေအရေးအသား ကောင်းမွန်သော စာသင်သားရဟန်းတော် အရေအတွက် တိုးပွားလာစေရေးကို အထောက်အကူ ပြုရန်ဖြစ်ပါကြောင်း၊ ယင်းတက္ကသိုလ်တွင် စာသင်သား သံဃာတော်များအနေဖြင့် ဘီအေတန်း၊ အမ်အေတန်းနှင့် ပါရဂူတန်း တို့တွင် အတန်းအလိုက် သင်ယူရမည့် သတ်မှတ်ကျမ်းစာများကို သင်ယူနိုင်သည့် အခွင့်အလမ်းကောင်းများကို ပေးအပ်လျက်ရှိပါကြောင်း။
ထို့ပြင် ထေရဝါဒဗုဒ္ဓဘာသာကို စာတွေ့ရော လက်တွေ့ပါ လေ့လာသင်ကြား လိုသူ မည်သည့်ဘာသာဝင်ကိုမဆို မြန်မာနိုင်ငံအစိုးရက နေထိုင် စားသောက်ရေး နှင့် ပညာရေးကိစ္စ အဝဝကို အပြည့်အဝ တာဝန်ယူလျက် ပညာပါရမီကုသိုလ်ဒါန အဖြစ် လက်ခံဖြည့်ဆည်း သင်ကြားပေးလျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် ဗီယက်နမ်ရဟန်းတော်(၁၃)ပါး၊ သီလရှင်(၄၅)ပါး၊ အမျိုးသမီး(၃)ဦးတို့ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် လာရောက်ပညာသင်ကြားလျက် ရှိသည်ကို ကြားသိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်တွင် ဗီယက်နမ်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံ(၁၄)နိုင်ငံမှ ရဟန်းသံဃာ၊ သီလရှင်၊ အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၆၃)ဦးတို့သည် ၎င်းတက္ကသိုလ်တွင် ဗုဒ္ဓဓမ္မ(ဒီပလိုမာ)သင်တန်း တက်ရောက်ရန်ရှိကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာ အသိပေး ပြောကြားလိုပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ထွန်းကားရန် ကြိုးပမ်းမှုအဖြစ် ဘာသာပေါင်းစုံငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ငြိမ်းချမ်း မေတ္တာအဖွဲ့ကြီး (Religions for Peace)က ဦးဆောင်ပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက ပထမအကြိမ်၊ ၂၀၁၉ ခုနှစ်၊ မေလဆန်းပိုင်းက ဒုတိယအကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း။
တည်ငြိမ်အေးချမ်းသည့်ကမ္ဘာကြီး တည်ဆောက်နိုင်ရေးအတွက် ဘာသာရေး သည် အရေးကြီးသည့် အခန်းကဏ္ဍကနေ ပါဝင်နေပါကြောင်း၊ ကမ္ဘာပေါ်ရှိ ဘာသာ တရားတိုင်းသည် မိမိတို့ကိုယ်တိုင် ကောင်းစွာထိန်းသိမ်းရန်၊ အခြားသူများကို လေးစားရန်၊ လောဘနှင့် မုန်းတီးမှုများ လျှော့ချရန်နှင့် ချုပ်ငြိမ်းရန် အသီးသီး ဆုံးမခဲ့ကြပါကြောင်း၊ မိမိတို့သည် ကိုယ်ယုံကြည်ရာ ဘာသာတရား၏ အဆုံးအမ များကို ကျင့်ကြံလိုက်နာအားထုတ်ကြမည်ဆိုလျှင် သဟဇာတမျှတသည့် လူမှုအဖွဲ့ အစည်းများ၊ ထိုမှတစ်ဆင့် ငြိမ်းချမ်းသာယာဝပြောသည့် ကမ္ဘာကြီးကို တည်ဆောက် နိုင်ကြမည် မလွဲဖြစ်ပါကြောင်း၊ ထို့ပြင် လူသားအားလုံးအနေဖြင့် မေတ္တာ၊ အနှိုင်းမဲ့ ကရုဏာနှင့် ခန္တီတရားတို့ လက်ကိုင်ထားပါက ဘုံရည်မှန်းချက်ဖြစ်သည့် တစ်ကမ္ဘာ လုံး ငြိမ်းချမ်းမှု၊ ချမ်းသာကြွယ်ဝမှုတို့ကို ပေးစွမ်းနိုင်ကြမည်မှာ မလွဲပါကြောင်း။
ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားသည် မိမိတို့ လူသားများ အားလုံးကို ဗုဒ္ဓ၏ အဆုံးအမနှင့် လမ်းစဉ်တို့ကို မမေ့မလျော့ လိုက်နာရမည်ဆိုသည့် စိတ်အား ထက်သန်မှုများကို တစ်ဖန်ပြန်လည် ပေါ်ပေါက်လာစေရန် နှိုးဆော်လိုက်ပါကြောင်း၊ ထို့ကြောင့် မတူကွဲပြားမှုများရှိနေသည့် ယနေ့ကမ္ဘာ လောကကြီးတွင် တစ်ဦးအပေါ် တစ်ဦးထားရှိသည့် မေတ္တာတရားကို မိမိတို့၏ မိသားစုအတွင်းမှသည် လူမှုရေး၊ နိုင်ငံရေး၊ အရပ်ဖက်နှင့် ဘာသာရေး အဖွဲ့အစည်းများအကြား ကျယ်ကျယ်ပြန့်ပြန့် ကြိုးစားတည်ဆောက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် နီပေါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ ပီ ရှာမာအိုလီနှင့် အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ Mr. M Venkaiah Naidu၊ UNESCAP အမှုဆောင် အတွင်း ရေးမှူးနှင့် Vietnam Fatherland Front Central Committee ဥက္ကဋ္ဌ H.E. Mr. Tran Thanh Man တို့က မိန့်ခွန်းများ ပြောကြားကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဗီယက်နမ်ဝန်ကြီးချုပ် နှင့်နိုင်ငံ့အကြီးအကဲများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များ၊ ဘာသာရေးခေါင်းဆောင်များနှင့်အတူ စုပေါင်းမှတ် တမ်းဓာတ်ပုံရိုက်သည်။
၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် ၅၄/ ၁၁၅ ဖြင့် ဂေါတမမြတ်စွာဘုရား ဖွားမြင်တော်မူသည့်နေ့၊ သဗ္ဗညုတဉာဏ်တော်ရရှိ သည့်နေ့နှင့် မဟာပရိနိဗ္ဗာန် စံဝင်သည့်နေ့တို့ဖြစ်ပေါ်ခဲ့သည့် နေ့ထူးနေ့မြတ် ကဆုန် လပြည့်နေ့ကို ကုလသမဂ္ဂ ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ပထမဆုံးအကြိမ် ကုလသမဂ္ဂ ဗုဒ္ဓနေ့အခမ်းအနားကို ၂၀ဝ၀ ပြည့်နှစ်တွင် နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင် စတင်ကျင်းပခဲ့သည်။ ထို့နောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားများကို ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများမှ အိမ်ရှင်အဖြစ် အသီးသီးကျင်းပခဲ့ကြရာ ယခုနှစ်တွင် (၁၆)ကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀ဝ၉ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် လက်ခံကျင်းပခဲ့ပြီး ယခုကျင်းပသည့် (၁၆)ကြိမ် မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့အခမ်းအနားကို တတိယအကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။
ယခုကျင်းပသည့် (၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားကို ဗီယက်နမ်အစိုးရ၏ ကြီးကြပ်ပံ့ပိုးမှုအောက်တွင် ဗီယက်နမ်အမျိုးသားဗုဒ္ဓသံဃအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ကျင်းပရေးကောင်စီတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် မေ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပလျက်ရှိသည်။ အဆိုပါအခမ်းအနားသို့ ကမ္ဘာ့တစ်ဝှမ်းရှိ နိုင်ငံပေါင်း (၁၁၃)နိုင်ငံမှ ဗုဒ္ဓဘာသာဝင်ကိုယ်စားလှယ် (၁၆၀ဝ)ကျော်နှင့် ဗီယက်နမ် နိုင်ငံမှ ဗုဒ္ဓဘာသာဝင် (၂၀ဝ၀ဝ)ကျော် ပါဝင်ဆင်နွှဲလျက်ရှိသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ သည် (၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားကျင်းပရေး ကော်မတီက Tam Chuc International Buddhist Convention Center ၌ တည်ခင်း ဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် တန်ချု့ဘုရားကျောင်း (Tam Chuc Pagoda)သို့ ရောက်ရှိကာ ဗုဒ္ဓရုပ်ပွားတော်များအား အမွှေးနံ့သာနှင့် ဆီမီးတို့ ကပ်လှူပူဇော်ဖူးမြော်ကြည်ညိုကြပြီး အခြားသော ဗုဒ္ဓဘာသာနိုင်ငံများမှ လှူဒါန်းသည့် ဆင်းတုတော်များနှင့်အတူ အပူဇော်ခံရန် ဉာဏ်တော်အမြင့် လက်မ (၂၀)ရှိ ဗုဒ္ဓရုပ်ပွားကြေးဆင်းတုတော်ကို ဘုရားဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် Ninh Binh ခရိုင်ရှိ (Bai Dinh Ancient Pagoda) ဘုရားကျောင်းသို့ ရောက်ရှိကြပြီး ဗုဒ္ဓရုပ်ပွားတော်များအား အမွှေး နံ့သာတိုင်နှင့် ဆီမီးတို့ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုပြီး ဆရာတော်ထံ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် Bai Dinh သာသနိက နယ်မြေရှိ ဘောင်တပ်ဗုဒ္ဓတာဝါ (Bao Thap Stupa)သို့ ရောက်ရှိကြပြီး ဗုဒ္ဓရုပ်ပွား တော်အား ဆီမီး၊ အမွှေးနံ့သာနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ် ယဉ်ကျေးမှုဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှု အားပေးကြသည်။
(သတင်းစဉ်)