နေပြည်တော် ၅ ဇူလိုင်
၂ဝ၁၉ ခုနှစ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လှုပ်ရှားမှု မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဥတ္တသီရိမြို့နယ် နေပြည်တော်-တပ်ကုန်း အမှတ်(၁) လမ်းဘေးရှိ ဖိုးဇောင်တောင်ကြိုးဝိုင်း အကွက်အမှတ် (၂၂) ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ မဟော်ဂနီပင်ကို စိုက်ပျိုးပေးသည်။
အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မဟော်ဂနီပင်ကို သတ်မှတ်နေရာ၌ စိုက်ပျိုးပေးသည်။
အလားတူ ဒုတိယသမ္မတ ဦးမြင့်ဆွေက ကံ့ကော်ပင်ကိုလည်းကောင်း၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သင်းဝင်ပင် ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပိတောက်ပင် ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က တမလန်းပင် ကိုလည်းကောင်း သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သတ်မှတ်နေရာများ၌ သစ်ပင်ပျိုးပင်များကို စိုက်ပျိုးပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ သစ်ပင်ပျိုးပင်များ စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။
ယနေ့အခမ်းအနားတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ကံ့ကော်၊ အင်ကြင်း၊ ရေသင်းဝင်၊ မဟော်ဂနီ၊ ယင်းမာ၊ ငု၊ မယ်ဇလီ၊ ပန်းမယ်ဇလီ၊ ဆီသပြေ၊ သပြေ၊ မဏိသြဂ၊ သင်းဝင်၊ စစ်၊ မအူလက်တံတို၊ မအူလက်တံရှည်၊ ယမနေ၊ ယင်းတိုက် သစ်ပင်ပျိုးပင် စုစုပေါင်း (၄၃၄) ပင်ကို စိုက်ပျိုးကြကြောင်းသိရသည်။
၂၀၁၈ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးလှုပ်ရှားမှု မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားတွင် ဖိုးဇောင်တောင်ကြိုးဝိုင်း အကွက်အမှတ်(၁၇)၌ သစ်ပင်ပျိုးပင် စုစုပေါင်း (၃၃၃)ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဖိုးဇောင်တောင်ကြိုးဝိုင်းသည် ဧရိယာ (၈၅၁၇ ဒသမ ဝ၉) ဧက ကျယ်ဝန်းရှိပြီး အကွက်ပေါင်း (၅၁)ကွက်ရှိကာ အပင်မျိုး (၂၀)ကျော် ပေါက်ရောက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


