နေပြည်တော် ၃၀ မေ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ၎င်း၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်မှ အိန္ဒိယသမ္မတနိုင်ငံသို့ မြန်မာအမျိုးသား လေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Sumit Seth နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်အတူ အဖွဲ့ဝင်အဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
သတင်းစဉ်