နေပြည်တော် ၂၆ ဇွန်

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု  တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်မိန့်ခွန်းပြောကြားသည်။

 

mdn

 

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များ၊ သံအမတ်ကြီးများနှင့် စစ်သံမှူးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မူးယစ်ဗဟိုအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

mdn

 

အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းပြောကြားသည်။

(နိုင်ငံတော် သမ္မတ၏မိန့်ခွန်းအား သီးခြားဖော်ပြထားပါသည်။)

ထို့နောက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံးမှ Regional Representative Mr. Jeremy Douglas က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလွတ်တန်းပြိုင်ပွဲများဖြစ်သည့် ဝတ္ထုတို၊ ဆောင်းပါးနှင့် တေးသီချင်းပြိုင်ပွဲများတွင် ပထမဆုရရှိကြသူ သုံးဦးအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းပြိုင်ပွဲများဖြစ်သည့် ကဗျာ၊ ဓာတ်ပုံနှင့် ကွန်ပျူတာပိုစတာ ပြိုင်ပွဲများတွင် ပထမဆုရရှိသူ သုံးဦးအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်ဗီဒီယိုကို ပြသသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊  ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ဥပဒေကြမ်းကော်မတီဝင်များ၊ နိုင်ငံတကာသံတမန်များနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံးမှ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဝင်များနှင့် လည်းကောင်း၊ ဆုရရှိကြသူများနှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

mdn

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် ဧည့်သည်တော်များနှင့်အတူ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ အတွင်း၌ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်သည့် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ မူးယစ်ဆေးဝါးနမူနာများ၊ စိတ်ကြွရူးသွပ်ဆေးဝါးထုတ်လုပ်သည့် စက်များ၊ မူးယစ်ဆေးဝါး စမ်းသပ်သည့် ကိရိယာများဖြင့် စမ်းသပ်စစ်ဆေးပြသမှုတို့ကို လှည့်လည်ကြည့်ရှုသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိ်ုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် လှုပ်ရှားမှုများကို မြန်မာနိုင်ငံတစ်ဝန်းတွင် တစ်ပြိုင်တည်း ကျင်းပခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့၌ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများ၏ စုစုပေါင်းကာလတန်ဖိုးသည် ငွေကျပ် ၄၅၁၇၄၆ ဒသမ ၃၇၇၄၂ သန်း (အမေရိကန်ဒေါ်လာ ၃၀၁ ဒသမ ၁၆၄၂၅၁၇ သန်း) ဖြစ်ကြောင်း သိရသည်။  

သတင်းစဉ်