နေပြည်တော် ၂၄ ဇွန်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက်ရှိ "အေးမေတ္တာစံ" တောင်နီလေး ပရဟိတကျောင်းတိုက်၌ ကျင်းပသည့် "အေးမေတ္တာစံ" တောင်နီလေး ပရဟိတကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာ၏ ဝိဇာတမွေးနေ့မင်္ဂလာတွင် ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီးအတွက် ငွေကျပ်သိန်း ၁၀ဝ၀ လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ စက်ရုံကျောင်း တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသာသနနှင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာဒိစ္စဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင် ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ဧည့်ပရိသတ်များက ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ စက်ရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသာသနထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်တို့ကို နာယူကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ဧည့်ပရိသတ်များက အခမ်းအနားသို့ ကြွရောက်ချီးမြှင့် တော်မူကြသည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် "အေးမေတ္တာစံ" တောင်နီလေး ပရဟိတကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာက ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီးအတွက် ငွေကျပ် သိန်း ၁၀ဝ၀ ကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော်သမ္မတက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ဆက်ကပ်သည်။
နိုင်ငံတော်သမ္မတက ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီးအတွက် ငွေကျပ်သိန်း ၁၀ဝ၀ ကို ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ဧည့်ပရိသတ်များက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာဒိစ္စဝံသထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုနှင့် ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြ သည်။
(သတင်းစဉ်)