ရန်ကုန် ဒီဇင်ဘာ ၂၈
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ထံမှ နယ်စပ်နှင့် တောင်တန်းဒေသသို့ သာသနာပြုကြွရောက်မည့် ရဟန်းတော်များ ဩဝါဒခံယူပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်)ရှိ မဟာဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယဆရာတော်ကြီးများနှင့် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) မှ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တကုမာရထံမှ တာဝန်ရှိသူများနှင့် အလှူရှင်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသော မေတ္တသုတ်နှင့် အန္တရာယ်ကင်းပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာ ဂန္ထဝါစ ကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုစိတ္တမှ နယ်စပ်နှင့် တောင်တန်းဒေသသို့ သာသနာပြုကြွရောက်မည့် ရဟန်းတော်များအား ဩဝါဒကထာမြွက်ကြားသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ပြည်တွင်းသာသနာပြုဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးသန်းထိုက်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ ကြွရောက်လာကြသည့် ဆရာတော်အရှင်သူမြတ်တို့အား တာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဣန္ဒေါဘာသထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


