ရန်ကုန်၊ စက်တင်ဘာ ၂၈

 

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊  နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၂/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဓမ္ဓဝိဟာရကျောင်းဆောင်၌ ကျင်းပသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ သဘာပတိဆရာတော် အဂ္ဂမဟာပဏ္ဍိတ  ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရ က သြဝါဒကထာ မြွက်ကြားရာတွင် ဗုဒ္ဓစာပေများကိုသင်ကြားဖြန့်ဝေရာတွင် ခေတ်စနစ်များ ပြောင်းလဲမှုကြောင့် ယနေ့ခေတ်တွင် တက္ကသိုလ်ပုံစံ အဆင့်မြင့်သင်ကြားပို့ချသည့်ပုံစံများ ထွန်းကားလာသည့်အတွက် ဗုဒ္ဓ၏တရားတော်များသည်လည်း ပိုမို၍ လူထုပရိသတ်အကြား ထိုးဖောက်ဝင်ရောက် ထွန်းကားနေပြီဟုယူဆကြောင်း၊ ယနေ့ခေတ် သင်ကြားရေးစနစ်များကြောင့် ခေတ်မီအထောက်အကူပြုပစ္စည်းများကြောင့် ဆရာရော တပည့်ပါ  လွယ်လွယ်ကူကူဖြင့် မပင်မပန်းဘဲ ဓမ္မများကို လေ့လာသိရှိနိုင်ကြပြီဟုဆိုနိုင်ကြောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ ဖွင့်လှစ်ထားရှိသည့် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်များသည်လည်း သက်တမ်းရှည်ကြာ လာခဲ့ပြီဖြစ်ရာ အတွေ့အကြုံများလည်း ပိုမိုပြည့်ဝလာပြီဟု ယူဆကြောင်းမြွက်ကြားသည်။

 

mdn

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးအေးထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 

ဆက်လက်၍ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၁/၂၀၂၃) အစည်းအဝေးမှတ်တမ်းကို တင်ပြ အတည်ပြုချက် ရယူခြင်း၊ ဗဟိုပညာရေးအဖွဲ့ (၂/၂၀၂၃) အစည်းအဝေး၏ တင်ပြချက်များအပေါ် ဝေဖန်ဆွေးနွေး ဆုံးဖြတ်ခြင်း၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ (ရန်ကုန်၊ မန္တလေး) တို့မှ တင်ပြချက်များအပေါ် ဆွေးနွေးဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်၊။ အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးက ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စမ်းချောင်းမြို့နယ် ဗဟိုလမ်းရှိ အာရှတော်ဝင်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် လှည်းကူးမြို့နယ် ပြည်တော်သာရပ်ကွက် ဝါးရုံတောသာသနပါလ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဝိသုတာဘိဝံသအား သွားရောက်ဖူးမြော်၍ ကျန်းမာရေးအခြေအနေ မေးမြန်းလျှောက်ထားကာ ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လှူဒါန်းသော နဝကမ္မအလှူတော်ငွေကျပ် သိန်း(၁၀၀)ကို ဆက်ကပ်လှူဒါန်းသည်။

 

သတင်းစဉ်