ရန်ကုန် ၂၉ မေ
နိုင်ငံတကာအနေဖြင့် ရခိုင်အရေးကိစ္စနှင့်ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ဖိအားပေးအရေးယူမှုများ ပြုလုပ်လာပါက သဘောမတူနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr.Maruyama က ပြောသည်။
ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဂျပန်သံအမတ်ကြီး နေအိမ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ၏ ဖွံဖြိုးရေးလုပ်ငန်းများအပေါ် ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) ပေးနေမှုနှင့်စပ်လျဉ်းပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံ မေးမြန်းခြင်းအစီအစဉ်တွင် ဂျပန်သံအမတ်ကြီး Mr.Maruyama က ထို့သို့ ပြောကြားခြင်းဖြစ်သည်။
၎င်းက "ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရကို ဖိအားပေးမယ်၊ အရေးယူမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ သဘောမတူနိုင်ပါဘူး။ အဲဒီလိုလုပ်ရင် ပိုပြီးရှုပ်ထွေးသွားနိုင်ပါတယ်။ ရခိုင်ပြည်နယ်ကိစ္စက အင်မတန်မှ ရှုပ်ထွေးတဲ့ကိစ္စလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအစိုးရအနေနဲ့ မြန်မာပြည်သူလူထု၊ မြန်မာအစိုးရနဲ့ပူးပေါင်းပြီး အကုန်လုံးအတွက် အကောင်းဆုံးအခြေအနေကို သွားနိုင်အောင် ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတာဂျပန်အစိုးရရဲ့ ရပ်တည်ချက်ဖြစ်ပါတယ် " ဟု ပြောသည်။
ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ခွာသွားသူများ ပြန်လည်ဝင်ရောက်လာပါက နေထိုင်ရန်အိမ်များ၊ အစားအစာများအပြင် ပညာသင်ကြားရေးနှင့် အလုပ်အကိုင်ရရှိရေးကိုပါ ကူညီပေးသွားမည်ဖြစ်ကြောင်း ဂျပန်သံအမတ်ကြီးက ပြောကြားခဲ့သည်။
ဂျပန်သံအမတ်ကြီးက "ရခိုင်ပြည်နယ်ကိစ္စက အမျိုးမျိုးရှုပ်ထွေးနေပါတယ်။ မြန်မာအစိုးရအနေနဲ့ ကြိုးစားနေပေမယ့် အောင်မြင်တဲ့အဆင့်ကို မရောက်သေးပါဘူး။ ကျွန်တော်တို့ဖြစ်စေချင်တာက ရခိုင်ပြည်နယ်အတွက် မြန်မာ့အစိုးရ ကြိုးစားနေတယ်ဆိုတဲ့ ပုံစံကို မြန်မာပြည်သူလူထုသာမက နိုင်ငံတကာကိုပြဖို့လည်း အရေးကြီးပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းများနဲ့ တကယ်ပူးပေါင်းဆောင်ရွက်ပြီး ကြိုးစားနေတယ်ဆိုတာကို နိုင်ငံတကာကိုပြဖို့ အရေးကြီးပါတယ် " ဟုပြောသည်။
ဂျပန်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍအတွက် မြန်မာအစိုးရအား အကူအညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်အစိုးရက ၅ နှစ်အတွင်းအမေရိကန် ဒေါ်လာ ၈ ဘီလီယံထောက်ပံ့ပေးခဲ့ပြီး ယခုအခါ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ၅ ဘီလီယံ သုံးစွဲခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ၃ ဘီလီယံကို နိုင်ငံအတွင်းရှိ ဆင်းရဲမှုပပျောက်ရေး စီမံကိန်းအပါအဝင် စီမံကိန်းအမျိုးမျိုးတွင် သုံးစွဲသွားမည်ဖြစ်ပြီး ဆင်းရဲမှုပပျောက်ရေးစီမံကိန်းထဲတွင် ရခိုင်ပြည်နယ်လည်း ပါဝင်ကြောင်း သိရသည်။
(သတင်း-မင်းသစ်(MNA)၊သန့်ဇင်ဝင်း/ဓာတ်ပုံ-နေလင်း)