လွိုင်ကော် စက်တင်ဘာ ၈

 

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ တက်ရောက် ခဲ့ကြသည်။

 

ရှေးဦးစွာ အခမ်းအနားကို အထက (၁) ကျောင်းသား၊ ကျောင်းသူလေးများက “ဝထကလသ’’ သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က “တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ တိုင်းရင်းသားဘာသာစကား၊ စာပေများကို ရေးတတ်ဖတ်တတ်စေရန် အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေများကို ကျောင်းအခြေပြု သင်ကြားပေးနေကြောင်း၊ ပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းစဉ်များကို ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း” အမှာစကား ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ပညာရေးမှူး ဒေါက်တာကျော်လွင်က ၂၀၂၂ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်မှ ပေးပို့လာသော သဝဏ်လွှာကို ဖတ်ကြားပြီး တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုပေးသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနား စာတတ်မြောက်ရေးနေ့ လုပ်ငန်းများ ဆောက်ရွက်မှု Video Clip ကိုပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုကြသည်။ ထို့နောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို အထက (၇) မှ ကျောင်းသား၊ ကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် သီဆိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။

 

ကိုဇင်(လွိုင်ကော်)