နေပြည်တော် မတ် ၅

အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၂)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဉီးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့် က အလယ်အလတ်အဆင့် အရာထမ်းများပီပီ မိမိအထက်အဆင့် အရာထမ်းများကို စွမ်းဆောင်ရည် ပြည့်ဝစွာဖြင့် ထောက်ကူပေးကြရန်နှင့် လက်အောက် အရာထမ်း၊ အမှုထမ်းများကို သင်ကြားပြသကာ ကိုယ်တိုင်က စံနမူနာပြဖြစ်အောင် ကြိုးစားကြရန်၊ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်၍ စွမ်းရည်ထက်မြက်သော အရာထမ်း ကောင်းများဖြစ်အောင် အတွေးအခေါ်၊ ခံယူချက်၊ ယုံကြည်ချက်များကို ခေတ်စနစ်နှင့်အညီ ပြောင်းလဲကြရန်နှင့် လုပ်ငန်းတာဝန်များကို ထူးချွန်ပြောင်မြောက်စွာ အစဉ်ကြိုးပမ်းထမ်းဆောင်ကြရန် တိုက်တွန်းမှာကြားသည်။

အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၂)၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ ဘွဲ့လက်မှတ်များ ချီးမြှင့်သည်။ သင်တန်းသို့ သင်တန်းသား(၃၃)ဦး၊ သင်တန်းသူ(၄၀) စုစုပေါင်း(၇၃)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၂၀၂၄ခုနှစ် အောက်တိုဘာ ၁၄ ရက်မှ ၂၀၂၅ခုနှစ် မတ် ၅ ရက်ထိဖြစ်ကြောင်း သိရသည်။

သတင်းစဉ်