နေပြည်တော် နိုဝင်ဘာ ၆
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ အရာထမ်းလောင်း (အထူး)သင်တန်း အမှတ်စဉ်(၁၂)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ် သင်ကြား/စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်က သင်တန်းကာလအတွင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ရှိ ပညာဌာန (၈)ခုမှ ဆရာ၊ ဆရာမများက ခေတ်စနစ်နှင့် ကိုက်ညီပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အသုံးဝင်သည့် သက်ဆိုင်ရာ ဘာသာရပ်များကို ၎င်းတို့၏ အတွေ့အကြုံနှင့် ပညာရပ်ပိုင်းဆိုင်ရာရှုထောင့်မှ ပို့ချဆွေးနွေးပေးကြမည်ဖြစ်သည့်အတွက် ဂရုတစိုက် လေ့လာမှတ်သားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းကို တက်ရောက်ပြီးမှသာ ရွေးချယ်ခြင်းခံထားရသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးတွင် ပြန်တမ်းဝင်အရာရှိများအဖြစ် အတည်ပြုခန့်ထားခြင်း ခံရမည်ဖြစ်သည့်အတွက် ယခုသင်တန်းကို လေးလေးနက်နက် တန်ဖိုးထားကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား (၅၇)ဦး၊ သင်တန်းသူ (၅၉)ဦး စုစုပေါင်း (၁၁၆)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်အထိ ရက်သတ္တ (၁၆)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်