ရန်ကုန် ဇူလိုင် ၂၅

အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်း၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းများကို စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်နေသဘောထား ပိုမိုကောင်းမွန်သည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ နိုင်ငံ့ဝန်ထမ်းများသိရှိရမည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ကျွမ်းကျင်စေရန်၊ အုပ်ချုပ်ရေးနှင့်ခေါင်းဆောင်မှု သဘောတရားများ၊ စီမံခန့်ခွဲရေးဆိုင်ရာ အယူအဆများကို မိမိတို့အဆင့်နှင့်လျော်ညီစွာ သိရှိနားလည် တတ်မြောက်စေရန်၊ နိုင်ငံ့တာဝန် ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများကို အမျိုးသားရေး အမြင်ရရှိစေရန်၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံသဘောတရားများကို သိရှိနားလည်စေရန်နှင့် ခွဲခြားဆက်ဆံမှု ကင်းရှင်းစွာဖြင့်၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပြည်သူဗဟိုပြု ထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်စေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။

အုပ်ချုပ်ရေးကဏ္ဍများတွင် မိမိတို့ရာထူး အဆင့်အလိုက် ထိရောက်သည့် စီမံခန့်ခွဲရေးစွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်နှင့် အရည်အသွေးများ၊ တတ်ကျွမ်းသင့်သည့် လုပ်ငန်းစွမ်းရည်နှင့် ထက်မြက်ခိုင်မာသည့် စိတ်ဓာတ်စွမ်းရည်တို့ တိုးတက်ဖွံ့ဖြိုးလာအောင် စိတ်ရောကိုယ်ပါ ကြိုးစားသင်ယူ လေ့လာကြစေလိုကြောင်း၊ ဝန်ထမ်းသက်တမ်း တစ်လျှောက် အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်ပြီး အဂတိတရားကင်းရှင်းသော၊ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်သော ဝန်ထမ်းများဖြစ်အောင် အားထုတ်ကြရန်လိုကြောင်း၊ ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံ၏ စီမံအုပ်ချုပ်ရေးယန္တရားကြီး အောင်မြင်စွာ လည်ပတ်နိုင်ရေး၊ ပြည်သူများကို အရည်အသွေး ပြည့်ဝစွာဖြင့် မြန်ဆန်သွက်လက်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ကြိုးပမ်းအားထုတ် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 

အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁)သို့ သင်တန်းသား (၁၄၂)ဦး၊ သင်တန်းသူ (၁၁၇)ဦး စုစုပေါင်း(၂၅၉)ဦး တက်ရောက်လျက်ရှိပြီး ရက်သတ္တ(၁၀)ပတ်ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်