နမ့်ဆန် ၂၉  ဇွန်

 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အပေါ့စားမီးသတ်စက်များကို ပြည်ထောင်စုလွှတ်တော်ရံပုံငွေဖြင့် ရပ်ကွက်/ကျေးရွာ (၃၇)ရွာအား ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ပွဲ အခမ်းအနားကျင်းပသည်။

 

ပေးအပ်ပွဲအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုင်းဝင်းထူးက လမ်းပမ်းဆက်သွယ်ရေးခက်ခဲသော ကျေးရွာများတွင် မီးဘေးအန္တရာယ်ကျရောက်ပါက မီးသတ်ကားများ အချိန်မှီမသွားရောက်နိုင်သည့် ကြားကာလတွင် အပေါ့စားမီးသတ်စက်များဖြင့် မီးငြိမ်းသတ်နိုင်စေရန်၊ မီးသတ်ကား မရောက်နိုင်သည့် ကျေးရွာများ၌လည်း အလွယ်တကူသယ်ဆောင် အသုံးပြုနိုင်သည့်အတွက် အပေါ့စားမီးသတ်စက်သည် ကျေးရွာများအတွက် မီးဘေးကြိုတင်ကာကွယ်ရေးတွင် အသုံးဝင်မည်ဟုယုံကြည်ကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်ဦးက အပေါ့စားမီးသတ်စက် ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရပ်ကွက်/ကျေးရွာ (၃၇)ရွာတို့အား အပေါ့စားမီးသတ်စက်(၁)လုံးစီနှင့် ဆက်စပ်ပစ္စည်းများကို  လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူတို့က ပေးအပ်ရာ ရပ်ကွက်/ကျေးရွာ တာဝန်ခံတို့ လက်ခံရယူသည်။

 

ယင်းနောက် မီးသတ်စက် အသုံးပြုပုံ၊ အသုံးပြုနည်းများကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များတို့က အသုံးပြုမည့်ကျေးရွာတာဝန်ခံတို့၏ရှေ့တွင် လက်တွေ့သရုပ်ပြ စမ်းသပ်ပြခဲ့ကြောင်း သိရသည်။

 

ကိုအောင်မိုး (ရွှေဖီမြေ)