နမ့်ဆန် ၄ ဩဂုတ်
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးက နမ့်ဆန်မြို့နယ် ကျေးရွာအုပ်စုများရှိ ပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိပြီး ယနေ့အထိ ကျေးရွာအုပ်စု (၆)အုပ်စုအထိ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ နမ့်ဆန်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများတို့က နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ကွင်းဆင်း၍ အသက်(၁၈)နှစ်အထက် မဲစာရင်းတွင် ပါရှိပြီး နိုင်ငံသားမှတ်ပုံတင်မရှိသူများအား စာရင်းကောက်ယူရာ မြို့သစ်ကျေးရွာအုပ်စုတွင် ၁၀၄ ဦး၊ နမ့်တွေကျေးရွာအုပ်စုတွင် ၂၄ ဦး၊ ကျောက်ဖြူလေးကျေးရွာအုပ်စုတွင် ၄၀၊ အနောက်ကင်း ကျေးရွာ အုပ်စုတွင် ၇၂ ဦး၊ ကောင်းကလောကျေးရွာအုပ်စုတွင် ၅၃ ဦးနှင့် ယနေ့တွင် ပန်နင်းကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးနေပြီး နိုင်ငံသားမှတ်ပုံတင် မရှိသူများအား စာရင်းကောက်များ ကောက်ယူခြင်း၊ အချက်အလက်များဖြည့်သွင်းခြင်းကို ဆောင်ရွက်လျှက်ရှိရာ နိုင်ငံသားမှတ်ပုံတင် ကတ်ပြားရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
ထို့ပြင် ကျန်ရှိသည့် ကျေးရွာအုပ်စုများတွင်လည်း ထပ်မံကွင်းဆင်း၍ အသက်(၁၈)နှစ်အထက် မဲစာရင်းပါရှိပြီး နိုင်ငံသားမှတ်ပုံတင်မရှိသူများအား စာရင်းများကောက်ယူပြီး နိုင်ငံသားမှတ်ပုံတင် ရရှိအောင် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
အောင်မိုး (နမ့်ဆန် ပြန် / ဆက်)