နမ့်ဆန်   ၂၃ မေ


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ  ဘိန်းအစားထိုး အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေး တစ်ပိုင်တစ်နိုင် မွေးမြူသူများအား ဒေသကြက်ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မန်ခိုက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။


အခမ်းအနားတွင် ဒေသဦးစီးအဖွဲ့ ဉက္ကဌဦးဝင်းကျော်က အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးမင်းအောင်က ဘိန်းအစားထိုး အသက်မွေးဝမ်းကျောင်းပြုလုပ်နိုင်ရန်အတွက် ဒေသခံများတပိုင်တနိုင် အသက်မွေးဝမ်းကျောင်း အလုပ်ကို ပိုမိုလုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်မှထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ပေးသည့် ဒေသကြက်များကို တိုးပွားလာအောင်မွေးမြူခြင်းဖြင့် မိသားစု စားသုံးရန်အတွက် လည်းကောင်း၊ မိသားစုဝင်ငွေတိုးပွား လာစေရန် အတွက်လည်းကောင်း အထောက်အကူဖြစ် လာမည်ဖြစ်ကြောင်း စသည်ဖြင့် ဒေသကြက်များ ထောက်ပံ့ပေးခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် မန်ခိုက်ရပ်ကွက်၊ ငွန်ဆိုင်းရပ်ကွက်၊ မိုးဂဲလ်ရပ်ကွက်နှင့် မြို့ပေါ်(၃)ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် ကြက်မွေးမြူသူများ ၅၀ အား ဒေသဦးစီး အဖွဲ့ဉက္ကဌနှင့် တာဝန်ရှိပုဂ္ဂိုလ်တို့က ဒေသကြက်အကောင်ရေ(၂၅၀) ကောင်ခန့်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ 


ဒေသကြက်များထောက်ပံ့ပေးအပြီးတွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီဉက္ကဌ ဦးအောင်ကျော်ဦးက မွေးမြူရေးနှင့်ပတ်သက်သော အသိပညာများ၊ ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတရရှိစရာများကို ဟောပြောရှင်းလင်းပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထုတ်ဝေသော မွေးမြူရေးဆိုင်ရာသိမှတ်စရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။


အောင်မိုး (နမ့်ဆန် ပြန်/ဆက်)