နမ့်စန် ၆ နိုဝင်ဘာ
ရှမ်းပြည်နယ်တောင်းပိုင်၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ အမှတ် ၅၊ အမှတ် ၆၊ နမ့်ပဲ၊ သဒုတ်၊ နမ့်ဟူး၊ ဖာငတ် ၈ မိုင်၊ ဝမ်တာဆိုင်း၊ နောင်လိုင်၊ ၂၆ မိုင်၊ ၂၈ မိုင်၊ ၂၉ မိုင် ကျေးရွာ ၁၀ ရွာတွင် ကျေးရွာနေပြည်သူများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် သောက်သုံးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါကျေးရွာ ၁၀ ရွာတွင် အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေးအတွက် ရေမီတာစနစ်ဖြင့် ရေပိုက်လိုင်းသွယ်တန်းရာတွင် လိုအပ်သည့် ပိုက်များကို ယူနီဆက်မှ ထောက်ပံ့ခြင်း၊ ကျေးရွာမှ ပိုက်ဆက်ပစ္စည်းများ ဝယ်ယူခြင်း၊ ရေပိုက်လိုင်းတူးဖော်ခြင်း၊ ပိုက်ဆက်ခြင်းအတွက် လုပ်အားပေးခြင်း နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများက ရေပိုက်လိုင်းသွယ်တန်းရန် အတွက် ဒီဇိုင်းများရေးဆွဲခြင်း၊ လိုအပ်သော နည်းပညာအကူအညီများကို ဆောင်ရွက်ပေးခဲ့သည်။ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပါက အိမ်ခြေ ၈၄၄ အိမ်မှ လူဦးရေ ၄၁၉၉ ဦးတို့အား အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်း က ပြောသည်။
အဆိုပါ အိမ်တိုင်ရာရောက် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လွိုင်လင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမြင့်၊ နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်စိုးဝင်း၊ UNICEF မှ ဌာနေကိုယ်စားလှယ် ဦးအောင်စိုးနှင့် ဝန်ထမ်းများက ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့်အတူ ယနေ့နံနက် ၁၀ နာရီက ရေပိုက်လိုင်း တူးဖော်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက် သွားကြရန်နှင့် ရေဖြန့်ဝေမည့်အခြေအနေ၊ ရေမီတာခ ကောက်ခံမည့်အစီအစဉ်တို့ကို ရှင်းလင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ငြိမ်းသူ


