၂၆ ဩဂုတ်
နမီးဗီးယားအစိုးရက နိုင်ငံတကာခရီးသွားတွေကို စက်တင်ဘာ ၁ ရက်နေ့က စပြီး လက်ခံသွားမယ်လို့ အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။ နမီးဗီးယားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ထောင်ချီတဲ့သူတွေ အလုပ်လုပ်ကိုင်နေရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် လုပ်သားတွေ အခက်အခဲတွေများစွာ ကြုံတွေ့နေရပါတယ်။
နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုတွေ လက်တလော များပြားနေပေမယ့် အစိုးရက ခရီးသွားလုပ်ငန်း ပြန်လည် စတင်မယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး ဖိုဟမ်ဘာ ရှီဖာတာက နိုင်ငံတကာက ခရီးသွားတွေ အဝင်အထွက်ပြုလုပ်ရန် နိုင်ငံတကာလေဆိပ်ကို စက်တင်ဘာ ၁ ရက် ၂၀၂၀ ကနေ စတင် ဖွင့်လှစ်မှာ ဖြစ်ကြာင်း၊ ခရီသွားတွေလက်ခံပြီး သီတင်းနှစ်ပတ်အတွင်းမှာ စည်းမျဉ်းတွေကို ပြန်လည် သုံးသပ်သွားမှာဖြစ်ကြောင်း၊ ခရီးသွားတွေအားလုံးက လေယာဉ်ပေါ် မတက်မီ ၇၂ နာရီအတွင်း ဗိုင်းရပ်စ်ပိုးစစ်ဆေးချက်ရရှိဖို့ လိုအပ်ကြောင်း၊ ပထမဆုံး သွားမယ့်နေရာမှာ အနည်းဆုံး ၇ ရက်နေ့ထိုင်ဖို့ လိုအပ်ကြောင်း စတဲ့ အချက်အလက် တွေ ပြောပါတယ်။
နမီးဗီးယားနိုင်ငံဟာ အာဖရိကတောရိုင်းသဘာဝနဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ကန္တရအလှတို့ကြောင့် ခရီးသွားတွေကြားမှာ ထင်ရှားပါတယ်။ နိုင်ငံအတွက် နှစ်စဉ်ဝင်ငွေ ၁၀ ရာခိုင်နှုန်းဟာ ခရီးသွားလုပ်ငန်းကနေ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က နမီးဗီးယားနိုင်ငံကို လာရောက်လည်ပတ်သူ ၁.၆ သန်း ရှိကြောင်းအစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ခရီးသွားရာသီဖြစ်တဲ့ စက်တင်ဘာကနေ ဒီဇင်ဘာအထိ လုပ်သားပေါင်း ၁၂၀,၀၀၀ အတွက် အလုပ်ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
နမီးဗီးယားနိုင်ငံမှာ ဩဂုတ်လအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၆,၀၀၀ ကျော်ရှိပြီး ဩဂုတ် ၁ ရက်မတိုင်မီက သေဆုံးသူ ၁၁ ဦးရှိရာကနေ လက်ရှိမှာ ၅၇ ဦး အထိ ရှိကြောင်း သိရပါတယ်။
နမီးဗီးယားနိုင်ငံအား ဝင်ခွင့်ကို မတ်လ ၂၈ နေ့က စပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးတားဆီးရန် ပိတ်ပင်ခဲ့ပါတယ်။ နမီးဗီးယားနိုင်ငံသားတွေကိုတော့ နိုင်ငံတွင်း တစ်မြို့နဲ့တစ်မြို့ သွားလာခွင့် ပိတ်ထားဆဲဖြစ်ပေမယ့် နိုင်ငံတကာ ခရီးသွားတွေကို သွားလာခွင့်ပြုမယ်လို့ သိရပါတယ်။
MDN
ကိုးကား - AFP


