နမ့်ခမ်း ၂ စက်တင်ဘာ
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ COVID-19 ရောဂါကြောင့် စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် (IDPs) တိုက်ပွဲရှောင်စခန်းရှိ အသက်(၆၀)နှစ်မှ (၈၀)နှစ်အထိ ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်း ၁၀ နာရီတွင် နမ့်ခမ်းမြို့ရှိ (IDPs) တိုက်ပွဲရှောင် စခန်းများသို့ သွားရောက်ပေးအပ်သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို နမ့်ခမ်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းနိုင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးယိုင်သန်းအောင်တို့က COVID-19 ရောဂါကြောင့် စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် နမ့်ခမ်းမြို့နယ်ရှိ IDPs တိုက်ပွဲရှောင်စခန်း(၆)ခုသို့ သွားရောက်ပြီး (IDPs)စခန်းရှိ အသက်(၆၀)နှစ်မှ (၈၀)နှစ်အထိ ဘိုးဘွား(၁၄၂)ဦးအား တစ်ဦးလျှင် ကျပ်(၃)သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း(၄၀)ကျော်ကို အိမ်တိုင်ရာသွားရောက်၍ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက (IDPs)တိုက်ပွဲရှောင်စခန်းတာဝန်ရှိသူများကို တွေ့ဆုံပြီး စခန်းတွင် နေထိုင်သည့် ပြည်သူများအား COVID-19 ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်သည့် နှာခေါင်းစည်းတပ်ဆင်နိုင်ရေး၊ (Hand Gel)ဖြင့် လက်များကို ဆေးကြောနိုင်ရေး၊ အပြင်သွား လာပါက ကိုယ်အပူချိန်တိုင်းတာရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေနိုင်ရေးနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ရောဂါကာကွယ်ရေး လုပ်ငန်း လမ်းညွှန်ချက်များအတိုင်းတိကျလိုက်နာဆောင်ရွက် သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ဘဦး(ပြန်/ဆက်)


