နေပြည်တော် ၁၃ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် အဖွဲ့သည် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျွန်းဖိုပင်၊ ကမ်းနီ၊ ဆုံတား၊ အိုးဖိုနှင့် မြေဇွန်းကျေးရွာများသို့ သွားရောက်၍ နှမ်းစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ရေချွေတာသုံးစွဲရေးနှင့် စိုက်ပျိုးရေစီမံခန့်ခွဲခြင်းဆိုင်ရာ နည်းစနစ်များ လိုက်နာကျင့်သုံးရန်လိုအပ်ချက်များ၊ သဘာဝမြေဩဇာများနှင့် သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲကြရန် လိုအပ်ချက်များ၊ ပေါင်းမြက်နှိမ်နင်းရာတွင် ပေါင်းသတ်ဆေး အသုံးပြုခြင်းအား လျော့ချသုံးစွဲကြရန် လိုအပ်ချက်များကို ပညာပေးဆွေးနွေးသည်။
ယင်းနောက် တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့သည် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ကမ်းနီကျေးရွာ တောင်သူ ဒေါ်ဆွေ၏ စိုက်ခင်းတွင် နှမ်းမျိုးစေ့ချစိုက်စက်ဖြင့် ဆောင်းနှမ်းသီးနှံ စိုက်ပျိုးနေမှုကို ကွင်းဆင်းကြည့်ရှုအားပေးသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မိုးကောင်းသောက်ဧရိယာများရှိ တောင်သူများအနေဖြင့် ဩဂုတ်လနှင့် စက်တင်ဘာလပထမပတ်အတွင်း ရွာသွန်းခဲ့သောမိုးရေဖြင့် ဆောင်းသီးနှံများ စတင်စိုက်ပျိုးကြလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးနှင့် စိုက်ပျိုးပညာပေး ပညာရှင်များပါဝင်သောအဖွဲ့က နည်းပညာအကူအညီနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် စိုက်ကွင်းများအရောက် ကွင်းဆင်းကြည့်ရှု အားပေးကြခြင်းဖြစ်ကြောင်း သိရသည်။
နှမ်းမျိုးစေ့ချစက်ကို အသုံးပြု၍ စိုက်ပျိုးရာတွင် ဌားရမ်းခအနေဖြင့် တစ်နာရီလျှင် (၁၂၀၀၀)ကျပ်မှ (၁၄၀၀၀)ကျပ် ပေးချေရကြောင်း၊ အကွက်အနေအထားပေါ်မူတည်၍ တစ်နာရီလျှင် (၁)ဧကမှ (၁ ဒသမ ၅) ဧကခန့် စိုက်ပျိုးပြီးစီးသဖြင့် လုပ်သားအခက်အခဲရှိသည့် ဒေသများနှင့်အထူးသင့်လျော်၍ အချိန်တိုအတွင်း စိုက်ပျိုးပြီးစီးနိုင်သောကြောင့် လုပ်ငန်းများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နှမ်းမျိုးစေ့ချသည့် Kubota ထွန်စက်ငယ်အား တန်ဘိုးငွေသိန်း (၈၀)ဖြင့် (၂)နှစ် အရစ်ကျဝယ်ယူခဲ့ကာ မိမိပိုင်စိုက်ခင်း၌ သုံးစွဲပြီး အခြားတောင်သူများကို အငှားလိုက် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဆိုပါစက်ကို မြေပဲသီးနှံနှင့် နှမ်းသီးနှံများ စိုက်ပျိုးရာတွင် ငှားရမ်းသုံးစွဲကြပြီး အချိန်တိုအတွင်းလုပ်ငန်းများ လျင်မြန်စွာပြီးမြောက်မှုကြောင့် နှစ်ဦးနှစ်ဘက် အဆင်ပြေကြကြောင်း နှမ်းမျိုးစေ့ချစိုက်စက် အငှားလိုက် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသည့် ကမ်းနီကျေးရွာမှ ဦးအောင်ကြိုင် ၏ ပြောကြားချက်အရ သိရသည်။
တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့သည် တောင်သူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အကူအညီများလိုအပ်ပါက အလွယ်တကူဆက်သွယ် ဆောင်ရွက်နိုင်ကြရန် တိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများ၏ ဖုန်းနံပတ်များနှင့် စိုက်ပျိုးရေးဦးစီးဌာန Call Center လိပ်စာကတ်များ၊ ကျန်းမာရေးနှာခေါင်းစည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ညီညီသန်း(နေပြည်တော်)


