တောင်ကြီး  ၃၁  ဩဂုတ်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်အတွင်းရှိ နမ်းမချောင်းပေါ် တွင် ၂၅ ဒသမ ၂ မဂ္ဂါဝပ် ရေအားလျှပ်စစ် ထုတ်လုပ်မည့် နမ့်မရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် Uni Energy Co.,Ltd  တို့ MOA လက်မှတ်ရေးထိုးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က Uni Energy Co.,Ltd နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးတို့သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၁၄ ရက်တွင် နမ့်မ ရေအားလျှပ်စစ်စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ပြီး နမ့်မ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဖြစ်မြောက်နိုင်ချေ လေ့လာမှုအစီရင်ခံစာ (FSR- Feasibility Study Report)ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ နမ့်မ ၂၅ ဒသမ ၂ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နိုင်ရေးအတွက် သဘောတူညီမှုစာချုပ် MOA ကို ချုပ်ဆိုရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က သီပေါမြို့နယ်အတွင်း နမ့်မ ၂၅ ဒသမ ၂ မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း စီမံကိန်းကို တည်ဆောက်ပြီး ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားကို ဒေသအတွင်းအသုံးပြုကာ ပိုလျှံသောဓာတ်အားကို နိုင်ငံတော်ပိုင် မဟာဓာတ်အားလိုင်းအတွင်း ထည့်သွင်းရန် ရည်ရွယ်ချက်ထားရှိပါကြောင်း၊ နမ့်မ ၂၅ ဒသမ ၂ မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၅၉ ဒသမ ၅၄၇ ကျခံရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် Uni Energy Co.,Ltd ထံမှ မြေအသုံးချမှု ပရီမီယံကြေးအဖြစ် ငွေကျပ်သိန်း(၁၀၀) ရရှိမှာဖြစ်ပြီး စီမံကိန်းဆောင်ရွက်မည့် မြေငှားရမ်းခအဖြစ် တစ်နှစ်လျှင် တစ်ဧကကို ငွေကျပ် (၅၀၀၀၀)နှုန်း ရရှိမှာဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ခွင့်ပြုသူ၏ ရပိုင်ခွင့်များအနေဖြင့် ခိုင်ကြေး(Royal Fees)အဖြစ် ထွက်ရှိလာသော ဓာတ်အားကို လစဉ်ရောင်းချသည့် လျှပ်စစ်ယူနစ်အပေါ် ကောက်ခံငွေတွက်ချက်၍ တစ်ယူနစ်လျှင် (၅) ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး နမ့်မ ၂၅ ဒသမ ၂ မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း စီမံကိန်းမှ ထွက်ရှိလာမည့် ဓာတ်အားများကို ဒေသအတွင်း အသုံးချနိုင်ရေးအတွက် Isolated Grid တည်ဆောက်လျက် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း၊ ယင်းမှ Exceed Energy ကို ၆၆ ကေဗွီဓာတ်အားလိုင်းအဖြစ် အနီးဆုံး ဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သဘောတူညီချက်စာချုပ် MOA များအား လက်မှတ်ရေးထိုးရာ Eiksietan Co.,Ltdမှ ဆောင်ရွက်လျက်ရှိသည့် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ စခန်းကြီးကျေးရွာ မြေဧရိယာ (၂၅)ဧကရှိ မြေပေါ်တွင် “Oakland Villas” တည်ဆောင်ရေးစီမံကိန်း၊ Nyaung Shwe Eighty One Co.,Ltd မှ ဆောင်ရွက်လျက်ရှိသည့် ညောင်‌ရွှေမြို့နယ်၊ တောင်ခြေကျေးရွာအုပ်စု၊ မြေဧရိယာ (၁၃.၄၇)ဧကရှိ မြေပေါ်တွင် ဟိုတယ်နှင့် အပန်းဖြေစခန်းစီမံကိန်း၊ Ohsi Mountain Co.,Ltd မှ ဆောင်ရွက်လျက်ရှိသည့် ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ မြင်းကကျေးရွာ ကုမ္ပဏီပိုင်မြေဧရိယာ (၃၈.၁)ဧကရှိ မြေပေါ်တွင် Kalaw Villa အပန်းဖြေအိမ်ရာစီမံကိန်းနှင့် Uni Energy Co.,Ltdမှ ဆောင်ရွက်လျက်ရှိသည့် ကျောက်မဲခရိုင်၊ သီပေါမြို့ရှိ၊ နမ့်မချောင်းပေါ်တွင် အသေးစားရေအားလျှပ်စစ် ဓာတ်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အားထုတ်လွှင့် ဖြန့်ဖြူးရေး စီမံကိန်းတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လက်မှတ်ရေးထိုးကြပြီး သဘောတူညီမှုစာချုပ်များအား အပြန်အလှန် လဲလှယ်ကြကြောင်း သိရသည်။

 

(ခရိုင်/ပြန်ဆက်)