တနိုင်း  ၄  နိုဝင်ဘာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် နမ္မတီး-တနိုင်း-ရှင်ဗွေယန်လမ်းပိုင်းရှိ တဝမ်ချောင်း ချဉ်းကပ်လမ်းနှင့် တံတားအသစ်အား ဖောက်လုပ်ပြီးစီးပြီဖြစ်၍ အဆိုပါ လမ်းနှင့် တံတားအသစ်တွင် ဖြတ်သန်း သွားလာနိုင်ရေးအတွက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီခွဲအချိန်က ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တနိုင်းမြို့နယ်၌ အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ္မတီး-တနိုင်း-ရှင်ဗွေယန်လမ်းပိုင်း 125.3KM နှင့် 153.0KM ကြားတွင် ယခင်အသုံးပြုနေသော တဝမ်ချောင်းချဉ်းကပ်လမ်းနှင့် တံတားမှာ ရေတိုက်စားခံရ၍ ပြိုကျပျက်စီးသွားခဲ့ပြီး လမ်းကြောင်း ပြတ်တောက်မှုများ ဖြစ်ပွားခဲ့သဖြင့် လမ်းလွဲအသစ် လျင်မြန်စွာ ဖောက်လုပ်ပြီးစီးနိုင်ရန်အတွက် အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၇ နေ့အထိ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး၊ ပြည်နယ်လမ်းဦးစီးဌာနမှူး၊ မြစ်ကြီးနားခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင် လမ်းဦးစီးမှူးနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) တို့မှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အောက်တိုဘာ ၂၈ ရက်နေ့မှစတင်၍ လမ်းပျက်စီးမှုများအား လမ်းဦးစီးဌာနမှ ပြုပြင် ဆောက်လုပ်ခဲ့ရာ နိုဝင်ဘာ ၂ ရက်နေ့တွင် လမ်းလွှဲဖောက်လုပ်ခြင်း(၂၂၅၀)ပေနှင့် (၃)လွှာ (၁)ထပ် တံတားဘောင် ဘေလီတံတား(T/S) အရှည် ၉၀ပေ၊ အကျယ်(၃၀)ပေအား ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်၍ နိုဝင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် အဆိုပါလမ်းသစ်အား မော်တော်ယာဉ်များဖြင့် ဖြတ်သန်းဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်း၊ ခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခိုင်ထွေး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

စိုင်းထင်ကျော်(ပြန်/ဆက်)