နမ္မတူ ၁၈ စက်တင်ဘာ

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို စက်တင်ဘာလ (၁၇)ရက် နံနက် (၁၀)နာရီခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

 

ရှေးဦးစွာ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးက အမှာစကားပြောကြားပြီး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးမင်းဇော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

 

သင်တန်းတွင် နမ္မတူမြို့နယ် ဥပဒေအရာရှိ ဦးထက်မြတ်အောင်က ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များဆိုင်ရာ သိကောင်းစရာများအားလည်းကောင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးမင်းဇော်က ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များထုတ်ပြန်ကြေညာခြင်းဆိုင်ရာ သိကောင်းစရာများအားလည်းကောင်း၊ မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယမင်းရွှေစင်စိုးက ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များအား အသိပညာပေး ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် စက်တင်ဘာလ (၁၇)ရက်တွင်  ရပ်ကွက်/ကျေးရွာ အုပ်စု (၁၁)အုပ်စုမှ  ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်ခွဲအဖွဲ့ဝင် (၅၅)ဦးအား မနက်ပိုင်းနှင့် နေ့လယ်ပိုင်း နှစ်ဖွဲ့ခွဲ၍ လည်းကောင်း၊ စက်တင်ဘာလ (၁၈)ရက်နေ့တွင် ရပ်ကွက်/ကျေးရွာ အုပ်စု (၁၂)အုပ်စုမှ  ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်ခွဲအဖွဲ့ဝင် (၆၀)အား မနက်ပိုင်းနှင့် မွန်းလွဲပိုင်း နှစ်ဖွဲ့ခွဲ၍ လည်းကောင်း သင်တန်းပို့ချ ဆောင်ရွက်ခဲ့ပြီး ဆန်းစစ်မေးခွန်းလွှာများဖြင့် ဆန်းစစ်ဖြေဆို စေခဲ့ကြောင်း နမ္မတူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယမင်းရွှေစင်စိုး ထံက သိရှိရသည်။

 

လူမော် (ပြန်/ဆက်)