နမ္မတူ ၁၅ ဩဂုတ်
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ် တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကချင် (IDP) စခန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လူကုန်ကူးမှုဆိုသည်မှာ၊ လူကုန်ကူးခြင်းတွင် ပါဝင်သော အချက်များ၊ ကလေးသူငယ်များအား လူကုန်ကူးခြင်းတွင် ပါဝင်သော အချက်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့် နည်းလမ်းများ၊ လူကုန်ကူးမှု ကျူးလွန်ပါက ချမှတ်ခံရမည့် ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်အား ပြသခဲ့ရာ တိုက်ပွဲရှောင်ပြည်သူများမှ စိတ်ပါဝင်တစား လေ့လာကြည့်ရှု ခဲ့ကြသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


