တန့်ယန်း ဩဂုတ် ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေတို့ဖြင့် လုံမုံကျေးရွာအုပ်စု၊ နမ့်ပါတက်ကျေးရွာ ကျေးရွာအဝင်နှင့် ကျေးရွာတွင်း ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း၊ လမ်းဘေးဝဲယာ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းတို့ကို ဇူလိုင်လ စတုတ္ထအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။
နမ့်ပါတက်ကျေးရွာသည် ယခင်က ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်းများမှာ ချိုင့်ခွက်များ၊ ရွှံ့စေးများကြောင့် သွားလာရေး ခက်ခဲခဲ့ကြောင်း၊ ယခုအခါ ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်း အရှည်ပေ ၂၀၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ဗြုန်းကျောက်ခင်းခြင်း လုပ်ငန်းနှင့် လမ်းဘေးဝဲယာ ရေနုတ်မြောင်း အရှည်ပေ ၅၀၀၀၊ အကျယ် တစ်ပေ ခြောက်လက်မ၊ အနက်ပေ တစ်ပေ ခြောက်လက်မ တူးဖော်ခြင်းလုပ်ငန်းတို့ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Cash For Work စီမံကိန်း ပံ့ပိုးရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Cash For Work စီမံကိန်း(CFW)ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနှင့် အခြားသောဘေးအန္တရာယ်များ၏ အကျိုးဆက်များကြောင့် လူမှုစီးပွားဘဝ ထိခိုက်လျက်ရှိသည့် ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေ ပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်း က ပြောသည်။
နီလာ