နေပြည်တော် ၂၉ ဇွန် 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လက်ရှိထုတ်ပေးလျက်ရှိသော Smart Card ယာဉ်မောင်းလိုင်စင်များကို မသမာသူများက အခကြေးငွေရယူ၍ မရိုးမသားတုပပြုလုပ် ဆောင်ရွက်မှုများရှိသဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ဖော်ထုတ်ဖမ်းဆီးခဲ့ရာ စုစုပေါင်း တရားခံ ၁၇ ဦး အပါအဝင် ယာဉ်မောင်းလိုင်စင်ကတ်အတုများ၊ အတုပြုလုပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။ ထိုသို့ ယာဉ်မောင်းလိုင်စင်အတုပြုလုပ်ခြင်းများ အလွယ်တကူ မဆောင်ရွက်နိုင်စေရန်နှင့် နိုင်ငံတကာအဆင့်မီ လုံခြုံမှုအစီအမံများ ပါဝင်သည့် SSmart Card ယာဉ်မောင်းလိုင်စင်များဖြစ်စေရန် ရည်ရွယ်၍ လုံခြုံမှုအဆင့်မြှင့်တင်ခြင်းအား ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


အဆိုပါ အဆင့်မြှင့်တင်ထားသည့် Smart Card ယာဉ်မောင်းလိုင်စင်များ၏ စစ်မှန်မှုနှင့် စပ်လျဉ်း၍ Smart Card အတွင်း ထည့်သွင်းထားသည့် အချက်အလက်များအား Chip Reader အသုံးပြု၍ လည်းကောင်း၊ QR Code အတွင်း ထည့်သွင်းထား သည့် အချက်အလက်များအား QR Code Scanner အသုံးပြု၍လည်းကောင်း ကိုင်ဆောင်သူအနေဖြင့် အလွယ်တကူ စိစစ်နိုင်မည်ဖြစ်သည်။


ထိုသို့ နည်းပညာဆိုင်ရာ လုံခြုံမှုအဆင့်မြှင့်တင်ထားသည့် ခ၊ ဂ၊ ဃ နှင့် င ယာဉ်မောင်းလိုင်စင် Smart Card များကို ကောက်ခံသည့်နှုန်းထားပြောင်းလဲခြင်းမရှိဘဲ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁ ရက်မှ စတင်ပြောင်းလဲထုတ်ပေးသွား မည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင် အသစ်ထုတ်ပေးခြင်း၊ နှစ်လဲဆောင်ရွက်ခြင်း၊ ပျက်စီးနှင့်ပျောက်ဆုံးမိတ္တူဆောင်ရွက်ခြင်း၊ နယ်ဝင်/ နယ်ထွက် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်စဉ်တွင်ဖြစ်စေ၊ လက်ရှိ သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် ကတ်များကို ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်သူ၏ဆန္ဒအရ အသစ်ပြောင်းလဲ ကိုင်ဆောင်လိုကြောင်း လျှောက်ထားလာလျှင် ဖြစ်စေ ပြောင်းလဲထုတ်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။


သတင်းစဉ်