ညောင်လေးပင် ၁၉ မေ

၁၃၈၁ ခုနှစ် ကဆုန်လပြည့်တွင် ဗုဒ္ဓကလျာဏယုဝအသင်းကြီး (YMBA) မှ နှစ်စဉ်ကျင်းပမြဲဖြစ်သော ညောင်လေးပင်မြို့ မြို့လုံးဆိုင်ရာ အကြိမ်(၁၀ဝ)ပြည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲများ မဲဖောက်လှူဒါန်းပွဲကြီးကို မေ ၁၈ ရက်  ကဆုန်လပြည့်နေ့ ညနေ ၄ နာရီက မြို့မ(၁)ရပ်ကွက်ရှိ ဝိုင်အမ်ဘီအေ အသင်းတိုက်ရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲလှူဒါန်းပွဲကြီးကို ဝိုင်အမ်ဘီအေအသင်းက ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်များမှ ဆွမ်းလောင်းအသင်းများ၊ ပရဟိတအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များမှ မိမိတို့ဌာနအလိုက်၊ အသင်းအဖွဲ့အလိုက်၊ မိသားစုအလိုက် မဏ္ဍပ်ငယ်များနှင့် ခုံတန်းရှည်များကို ဝိုင်အမ်ဘီအေအသင်းတိုက်ရှေ့ ရန်ကုန်-မန္တလေး ကားလမ်းတစ်လျှောက် အစဉ်လိုက်တန်းစီ၍ သဒ္ဓါတက်အားသရွေ့ လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် သဒ္ဓါထက်သန်စွာ လောင်းလှူကြပြီး စာရေးတံမဲကိုပါ ဗဟိုမဏ္ဍပ်၌ မဲဖောက်လှူဒါန်းပေးကြသည်။

ယခုနှစ် အကြိမ် (၁၀ဝ)ပြည့်တွင် ကျောင်းပေါင်း (၁၀ဝ)ကျောင်းမှ သံဃာအပေါင်း (၁၁၂၁)ပါးအား စာရေးတံမဲ အလှူငွေကျပ်(၉၂)သိန်းကျော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ် (၃၇၄)သိန်းကျော် စုစုပေါင်းတန်ဖိုးငွေကျပ် (၄၆၆)သိန်းကျော်အား ယခင်နှစ်ကနှင့်မတူ ထူးထူးခြားခြား စည်ကားသိုက်မြိုက်စွာ လောင်းလှူနိုင်ခဲ့ကြသည်။

ယင်းနေ့နံနက်ပိုင်းကလည်း (YMBA) အသင်းကြီးမှဦးဆောင်၍ ဝတ်အသင်းများ၊ ပရဟိတအဖွဲ့များနှင့် အဖွဲ့အစည်းအသီးသီးမှ မဟာတိလောက သယမ္ဘူဘုရားကြီးဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းခြင်း ကုသိုလ်တော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ 

နေလင်း(ညောင်လေးပင်)