ညောင်လေးပင် ဇွန် ၁၄
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်သော ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာန၏ နယ်လှည့် ခြေတုပြုပြင်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန် ၁၃ ရက် မွန်းတည့် ၁၂ နာရီက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဇီဝိတဒါနသံဃာ့ဆေးရုံ၌ ပြုလုပ်ခဲ့ကြသည်။
ခြေတုလက်တုနှင့် အားပြုကိရိယာများ ပြုလုပ်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ နယ်လှည့်အရာရှိ ဦးဇော်ဇော် ဦးဆောင်ရာ ဆရာ၊ ဆရာမ (၉)ဦး၊ သင်တန်းသား (၈)ဦးတို့က ညောင်လေးပင်မြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းသူများ၊ မသန်စွမ်းသူများ၊ ဒေသခံပြည်သူ စုစုပေါင်း (၅၃)ဦးတို့အား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စမ်းသပ်ခြင်း၊ ပျက်စီးနေသော ခြေတုလက်တုများကို ပြန်လည်ပြုပြင်ပေးခြင်း၊ အသစ်တပ်ဆင်ရန် လိုအပ်သူများကို ဆောင်ရွက်ပေးခြင်း၊ အားပြုကိရိယာများ၊ ဘီးတပ်ကုလားထိုင်(ဝှီးချဲ) လိုအပ်သူများကို စမ်းသပ်စစ်ဆေး ဆောင်ရွက်ခြင်းများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြသည်။
ခြေတုလက်တုလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် ဇီဝိတဒါနသံဃာ့ဆေးရုံအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါအဖွဲ့သည် ဇွန် ၁၃ ရက်တွင် ညောင်လေးပင်မြို့နှင့် ဇွန် ၁၄ ရက်တွင် ဒိုက်ဦးမြို့နယ်သို့ သွားရောက်ကာ ခြေတုလက်တုနှင့် အားပြုကိရိယာများ အခမဲ့ တပ်ဆင်ပေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)